- တရုတ် မိတ်ဖက် Airbus ကုမ္ပဏီသည် စစ်ကောင်စီ စစ်ရာဇဝတ်မှုတွင် ပါဝင်နေဟု အဖွဲ့အစည်းများပြော
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ ပြည်ပထွက်ခွာမှု မြင့်တက်လာ
- ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက်
- ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
- ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
တရုတ် မိတ်ဖက် Airbus ကုမ္ပဏီသည် စစ်ကောင်စီ စစ်ရာဇဝတ်မှုတွင် ပါဝင်နေဟု အဖွဲ့အစည်းများပြော
AVIC ၏ အုပ်စုခွဲ AviChina ကုမ္ပဏီနှင့် Airbus ကုမ္ပဏီတို့ ပူးပေါင်း၍ K8 လေ့ကျင့်ရေးလေယာဉ်နှင့် Y-12 ဘက်စုံသုံးလေယာဉ်များ ထုတ်လုပ်လျက်ရှိပြီး မြန်မာစစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ရာ၌ ထိုလေယာဉ်များကို မကြာခဏအသုံးပြုနေကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
06 Feb 2025
![တရုတ် မိတ်ဖက် Airbus ကုမ္ပဏီသည် စစ်ကောင်စီ စစ်ရာဇဝတ်မှုတွင် ပါဝင်နေဟု အဖွဲ့အစည်းများပြော](https://assets.dmediag.com/2025/2/China-Feb6.jpg)
DMG ၊ ဖေဖော်ဝါရီ ၆
တရုတ်အစိုးရပိုင် (AVIC) ကုမ္ပဏီနှင့် စီးပွားမိတ်ဖက်လုပ်ကိုင်နေသည့် ဥရောပအာကာသလေကြောင်း Airbus ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ၏ စစ်ရာဝတ်ကျူးလွန်မှုတွင် သွယ်ဝိုက်ပါဝင် ပတ်သက်နေသဖြင့် စုံစမ်းစစ်ဆေးပေးရန် မြန်မာ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်း ၃၆၁ ဖွဲ့က တောင်းဆိုလိုက်သည်။
Airbus ကုမ္ပဏီအနေဖြင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွက် အဓိကပံ့ပို့ပေးနေသည့် တရုတ် အစိုးရပိုင် (AVIC) ကုမ္ပဏီကို ဘဏ္ဍာရေးနှင့် နည်းပညာထောက်ပံ့ပေးနေ၍ စစ်ဆေးပေးရန် နယ်သာလန် အစိုးရကို အဖွဲ့အစည်း ၃၆၁ ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားသည်။
" AVIC တရုတ်အစိုးရပိုင် ကုမ္ပဏီဟာ မြန်မာပြည်ကို ကိုယ်တိုင်လာပြီး လေယာဉ်ဗုံးကြဲတိုက်ခိုက်မှု မလုပ်သေးတာဘဲ ရှိတာပါ။ AVIC အဲလို ထောက်ပံ့နိုင်ဖို့ အဓိကအနောက်မှာ ဥရောပအာကာသ လေကြောင်း Airbus ကုမ္ပဏီ ရှိနေပါတယ်။ အဲဒါကြောင့် Airbus လည်း စစ်ရာဇဝတ်မှုကို ထောက်ပံ့နေတာဖြစ်ပြီး ကျူးလွန်မှုမှာ ပါဝင်ပတ်သက်နေတာပါ" သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မူလန်က ပြောသည်။
AVIC ကုမ္ပဏီသည် စစ်ကောင်စီကို စစ်လေယာဉ်များနှင့် အစိတ်အပိုင်းများရောင်းချနေခြင်းနှင့် ပြုပြင် ထိန်းသိမ်းရေးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး ပြင်သစ်၊ ဂျာမနီ၊ စပိန် အစိုးရတို့ ရှယ်ယာပါဝင်နေသည့် Airbus ကုမ္ပဏီနှင့် နည်းပညာသာမက စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်နေသည်။
AVIC ၏ အုပ်စုခွဲ AviChina ကုမ္ပဏီနှင့် Airbus ကုမ္ပဏီတို့ ပူးပေါင်း၍ K8 လေ့ကျင့်ရေးလေယာဉ်နှင့် Y-12 ဘက်စုံသုံးလေယာဉ်များ ထုတ်လုပ်လျက်ရှိပြီး မြန်မာစစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ရာ၌ ထိုလေယာဉ်များကို မကြာခဏအသုံးပြုနေကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။
ထို့ကြောင့် Airbus၏ လုပ်ရပ်များသည် ဥရောပသမဂ္ဂမှချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ရုံသာမက စစ်ရာဝတ်မှုများတွင်လည်း ပါဝင်ပတ်သက်မှုရှိနေသည်ဟု အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။
"တကယ်တော့ နယ်သာလန်နိုင်ငံက စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခဏခဏ ရှုတ်ချနေတာ။ ဒါပေမဲ့ တခြားတစ်ဖက်မှာ သူတို့ နိုင်ငံမှာ အခြေစိုက်ထားတဲ့ ကုမ္ပဏီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပတ်သတ်နေတာကို မသိချင်ယောင်ဆောင်နေတယ်။ ကျနော်တို့ အဲဒါကို ကမ္ဘာကို သိအောင်ချပြရမယ်" လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုမြတ်ကိုက ပြောသည်။
နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီနှင့် စပိန် အစိုးရတို့အနေဖြင့် AVIC နှင့် မြန်မာစစ်ကောင်စီတို့၏ စီးပွားရေးကို ရပ်တန့်ရန်အတွက် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြု၍ Airbus ကုမ္ပဏီအား နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်စေရန် အဖွဲ့အစည်းများက တောင်းဆိုထားသည်။
မြန်မာနိုင်ငံသို့ AVIC လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများဆက်လက်ရှိနေပါက Airbus ကုမ္ပဏီအနေဖြင့် AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းပြီး၊ AVIC နှင့် ၎င်းတို့၏ စီးပွားရေး ဆက်ဆံမှုကို အဆုံးသတ်စေရန်လည်း တိုက်တွန်းထားသည်။
AVIC ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီထံ ဂျက်တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်များနှင့် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်များပို့ဆောင်ခဲ့ပြီး တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ကြောင်း Justic For Myanmar ၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၈,၀၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း မြန်မာ့အဟာဗျူဟာနှင့်မူဝါဒလေ့လာရေး အင်စတီကျူ (ISP - Myanmar) ၏ အစီရင်ခံစာကဖော်ပြထားသည်။