- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
စစ်ကောင်စီက ရွေးကောက်ပွဲကို နယ်မြေအနည်းငယ်တွင်သာ ပြုလုပ်နိုင်မည်ဟု ဆို
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ နှစ်ကုန် (သို့မဟုတ်) ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ဘီလာရုစ်နိုင်ငံ ခရီးစဉ်တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
08 Mar 2025

DMG ၊ မတ် ၈
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ နှစ်ကုန် (သို့မဟုတ်) ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ဘီလာရုစ်နိုင်ငံ ခရီးစဉ်တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ဘီလာရုစ် လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပချိန် ဘီလာရုစ်နိုင်ငံ၏ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ (မတ် ၇ ရက်)တွင် စစ်ကောင်စီက ထုတ်ပြန်သည်။
စစ်ခေါင်းဆောင်အနေဖြင့် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်များထံ နေ့စဉ်နှင့်အမျှ နယ်မြေများ လက်လွှတ်ဆုံးရှုံးနေရ၍ ရွေးကောက်ပွဲ နယ်မြေ အကျဉ်းချုပ်သာ ပြုလုပ်နိုင်တော့မည်ဟု ပြောဆိုကြသည်။
" ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် မြို့နယ် ၁၀၀ ကျော်ထဲကတောင် ထပ်ပြီး ဆုံးရှုံးလာနိုင်တဲ့အနေအထားမှာ အခု လုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူကို ကိုယ်စားမပြုဆုံးဆိုတဲ့ အနေအထားဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေ မဲပေးနိုင်တဲ့ ဧရိယာ အနည်းဆုံးနဲ့ အတင်းအဓမ္မကျင်းပရမယ့် အနေအထား ဖြစ်နေလို့ " ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲကို ၁၆၁ မြို့နယ်တွင်သာ ကျင်းပနိုင်မည် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
နိုင်ငံတဝန်းတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ် ၂၄၀ တွင် တိုက်ပွဲများဖြစ်ပွားနေ၍ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိသည့် မြို့နယ်အရေအတွက်မှာ ၁၀၀ ထက်ပင် လျော့နည်းနိုင်ကြောင်း BNI ၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။ ထို့ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်မည့် နယ်မြေ ၂၇ ရာခိုင်နှုန်းသာရှိကြောင်း BNI က သုံးသပ်ထားသည်။
လက်ရှိ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ပြည်သူအားလုံး ကိုယ်စားမပြုနိုင်သဖြင့် နိုင်ငံရေး အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
" သူ (စစ်ကောင်စီ) က မြို့နယ်တွေ အများကြီးကို လက်လွှတ်ထားရတယ်။ အဲဒီတော့ သူ့ရွေးကောက်ပွဲက နောက်ဆိုရင် နေပြည်တော်နဲ့ ရန်ကုန်၊ မန္တလေးလောက်ကိုပဲ လုပ်ချင်ရင် လုပ်နိုင်လိမ့်မယ်။ ကျန်တဲ့ နေရာတွေက လုပ်နိုင်မှာ မဟုတ်ဘူး။ လူထုကလည်း ထောက်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ကို ထောက်ခံမယ့်လူတွေနဲ့ သူ့ဟာသူတော့ ဖြစ်အောင် လုပ်မှာပေါ့ " ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
လက်ရှိ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ပြည်သူများ ယုံကြည်မှုမရှိသည့်အပြင် စစ်ခေါင်းဆောင်၏ ထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
လက်ရှိတွင် စစ်ကောင်စီ ရွေးကောက်ပွဲတွင် ဝင်ပြိုင်နိုင်ရန် နိုင်ငံတဝန်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံ တင်ခွင့်လျှောက်ထားသည့်ပါတီ စုစုပေါင်း ၇၀ ကျော်ရှိပြီး ပါတီ ၅၆ ခုကို ပါတီ တည်ထောင်ခွင့်ပြုထားပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် (UEC) ၏ စာရင်းအရ သိရသည်။