- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
- ခရီးသည်ကားတစ်စီးကို ARSA ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
ယိုးချောင်းအထက်ပိုင်းက တောင်ယာလုပ်ငန်းများ နာလန်ထူရန်ခက်ခဲနေ
ပျက်စီးသွားသည့် သီးနှံစိုက်ခင်းများကို ပြန်လည်စိုက်ပျိုးရန်အတွက် ပျိုးပင်များနှင့် အတိုးနှုန်းနည်းသော ချေးငွေများကို သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ချေးပေးရန် ဒေသခံတောင်သူများက တောင်းဆိုနေကြသည်။
24 Aug 2023
DMG ၊ ဩဂုတ် ၂၄
“မိုခါ”မုန်တိုင်းကြောင့် တောင်ယာလုပ်ငန်းများ ပျက်စီးဆုံးရှုံးသွားသည့် ကျောက်တော်မြို့နယ်၊ ယိုးချောင်းအထက်ပိုင်းက ကျေးရွာများမှာ ပြန်လည်နာလန်ထူရန် အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယိုးချောင်းအထက်ပိုင်းတွင် သလူချောင်း၊ တဲဝ၊ လီကွေ့၊ ငစိုင်းရိုင်းကိုင်း၊ ချင်းမဝန်တောင်း စသည့် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ရခိုင်၊ မြိုနှင့် ခမီ မျိုးနွယ်စုများ နေထိုင်ကြကာ တောင်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် အကူအညီရရှိမှု နည်းပါးသဖြင့် ပျက်စီးသွားသည့် နေအိမ်များနှင့် စိုက်ခင်းများကို ပြန်လည် ပြုပြင်စိုက်ပျိုးရန် အခက်အခဲရှိနေသည်ဟု ယိုးချောင်းဒေသခံများက ပြောဆိုကြသည်။
“မုန်တိုင်းတိုက်ပြီးတော့ သီးနှံတွေလည်း ဘာမှမရှိဘူး။ အိမ်ဆိုလည်း နေဖို့မရဘူး၊ အမိုးအကာလည်း မရှိဘူး။ အထောက်အပံ့က ဒီဥယျာဉ်စိုက်ပျိုးဖို့အတွက် တင်ပြထားရင်လည်း ဘာမှမရဘူး” ဟု ကင်ဘိ (မြို) ကျေးရွာမှ ဦးလပြည့်က ပြောသည်။
ယိုးချောင်းအထက်ပိုင်းဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းပြီး ရေကြောင်းတစ်ခုတည်းဖြင့်သာ အသုံးပြုသွားလာရ၍ အကူအညီရရှိမှု အားနည်းနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “ မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် တောင်ယာလုပ်ငန်းတွင် အဓိကစိုက်ပျိုးသည့် သံပရာပင်၊ ရှောက်ပင်၊ ငှက်ပျောပင်၊ ဒညှင်းပင်၊ သရက်ပင် စသည့် သီးပင်စားပင်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
“ယိုးချောင်းဒေသက အစကတည်းက ဆင်းရဲပင်ပန်းကြတယ်။ လက်ရှိ စားရေးသောက်ရေး အခြေအနေကတော့ မျှစ်ချိုးဝါးခုတ်ပြီး စားသောက်နေကြရတယ်။ ပုံမှန်ဆိုဒီအချိန်က ဒညှင်းသီးနဲ့ ပိန္နဲသီးတွေ ရောင်းရတဲ့အချိန်၊ ဒီနှစ်က ဘာမှမရောင်းရတော့ မျှစ်ခူးပြီးတော့ စားသောက်နေကြရတယ်” ဟု သလူချောင်းကျေးရွာမှ ဦးဦးရွှေသောင်းက ပြောသည်။
မုန်တိုင်းကြောင့် စိုက်ပျိုးခြံများ ပျက်စီးသွား၍ လုပ်ကိုင်စားသောက်ရန် အခက်ကြုံနေရသဖြင့် သား/သမီးများ၏ ပညာရေးကို ရပ်နားရသည်အထိ ရှိလာသည်။
မုန်တိုင်းကြောင့် စိုက်ပျိုးထားသည့် သံပရာခင်း ၅ ဧကတွင် ၄ ဧကနီးပါး ပျက်စီးသွားခဲ့ပြီး ငှက်ပျိုးခင်း ၈ ဧက မှာလည်း အားလုံးနီးပါးပျက်စီးသွားသဖြင့် သမီးဖြစ်သူ၏ ပညာရေးကို ရပ်နားထားရသည်ဟု င/စရိုင်းကိုင်း (မြို) ကျေးရွာက ဥယျာဉ်ခြံစိုက်ပျိုးသူ ဦးဦးမောင်သိန်းက ပြောသည်။
“မိုခါမုန်တိုင်းအလွန်မှာ သားသမီးပညာရေးအခြေအနေက လုံးဝမကောင်းဘူး။ သမီးတစ်ယောက် ဆယ်တန်းတက်ရမှာ ကျောင်းမထားနိုင်တော့ဘူး။ စားဝတ်နေရေးကလည်း လုံးဝအဆင်မပြေဘူး” ဟု သူက ပြောသည်။
ပျက်စီးသွားသည့် သီးနှံစိုက်ခင်းများကို ပြန်လည်စိုက်ပျိုးရန်အတွက် ပျိုးပင်များနှင့် အတိုးနှုန်းနည်းသော ချေးငွေများကို သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ချေးပေးရန် ဒေသခံတောင်သူများက တောင်းဆိုနေကြသည်။
ပျက်စီးသွားသည့်သီးနှံများမှာ နှစ်ရှည်ပင်များဖြစ်၍ အစားထိုးစိုက်ပျိုးလျှင်လည်း အချိန်ကြာမြင့်နိုင်သဖြင့် လာမည့်နှစ်များတွင် စားဝတ်နေရေးခက်ခဲမှုနှင့် ကြုံတွေ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
“ဒညှင်း၊ ပိန္နဲနဲ့ ရင်ကွဲ(သရက်)တွေဆိုရင် အနည်းဆုံး ၁၀ နှစ်လောက် ကြာနိုင်တယ်။ သံပရာပင်တွေ ဆိုရင်လည်း ၅ နှစ်နဲ့ ၆ နှစ်လောက်ထိ ကြာနိုင်တယ်” ဟု လီကွေ့(မြို)ကျေးရွာမှ ဥယျာဉ်ခြံစိုက်ပျိုးသူ ဦးအောင်မြိုင်က ပြောသည်။
ယခင်က သံပရာသီးထွက်နှုန်းမှာ တစ်ကြိမ်ခူးပါက အလုံးရေ ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ရရှိခဲ့သော်လည်း မုန်တိုင်းအလွန်တွင် သံပရာသီး အလုံးရေ ၁၀၀ ကျော်သာ ရရှိတော့ကြောင်း သူက ပြောသည်။
ယိုးချောင်းအထက်ပိုင်းက တောင်ယာထွက်သီးနှံများကို ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာဈေးတွင် သွားရောက်ရောင်းချသည့်အပြင် ဝါးတောင်ကားဂိတ်ရှိ ကုန်သည်များထံတွင်လည်း ရောင်းချကြသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်က ဥယျာဉ်ခြံမြေ အများအပြားပျက်စီးသွား၍ ဒေသတွင်းစားသုံးရန်အတွက် ဟင်းသီးဟင်းရွက်နှင့် သီးနှံများကို ပြည်မဖက်မှ ဈေးကြီးပေး၍ တင်သွင်းနေကြရသည်။
#I006