ရခိုင်က အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးရန် အခက်အခဲရှိ
HPV ကာကွယ်ဆေးကို ယခင်က မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှ နှစ်စဉ်ထိုးနှံပေးခဲ့ပြီး လက်ရှိတွင် ဒေသတွင်း စစ်ရေးပဋိပက္ခကြောင့် သားအိမ်ခေါင်းကင်ဆာ အပါအဝင် တခြားကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များ လုံးဝရပ်တန့်နေသည်။
19 Nov 2024
DMG ၊ နိုဝင်ဘာ ၁၉
ရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လမ်းခရီးပိတ်ဆို့ခံထားရမှုကြောင့် ဆေးဝါးများပြတ်လပ်နေသဖြင့် အမျိုးသမီးများမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးရန် အခက်တွေ့နေကြပြီး စိုးရိမ်စိတ်များ မြင့်တက်နေကြသည်။
HPV ကာကွယ်ဆေးကို ယခင်က မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှ နှစ်စဉ်ထိုးနှံပေးခဲ့ပြီး လက်ရှိတွင် ဒေသတွင်း စစ်ရေးပဋိပက္ခကြောင့် သားအိမ်ခေါင်းကင်ဆာ အပါအဝင် တခြားကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များ လုံးဝရပ်တန့်နေသည်။
“ဆေးက သုံးကြိမ်ထိုးရမှာ။ ကျမက နှစ်ကြိမ်ပဲ ထိုးလိုက်ရတယ်။ တိုက်ပွဲဖြစ်တာနဲ့ ဆက်ထိုးဖို့ မရလိုက်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာမှာကို စိုးရိမ်မိတယ်” ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
သားအိမ်ခေါင်းကင်ဆာမှာ လိင်မှတစ်ဆင့်ကူးစက်တတ်သဖြင့် သုတေသနပြုချက်များအရ လိင်ဆက်ဆံမှုမျိုး မလုပ်တတ်ကြသေးခင် အသက် ၉ နှစ် – ၁၀ နှစ်အရွယ်တွင် ကာကွယ်ဆေးထိုးလျှင် ပိုစိတ်ချပြီး ၁၅ နှစ်အောက်ဆိုလျှင် ၂ ကြိမ်၊ ၁၅ နှစ်အထက် ဆိုလျှင် ၃ ကြိမ်ထိုးရန် လိုအပ်သည်။
HPV ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်စေသော သားအိမ်ခေါင်းကင်ဆာသည် အသက်ငယ်ရွယ်စဉ် အိမ်ထောင်ပြုခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ ခုခံအားကျဆင်းမှု ရောဂါရှိခြင်း၊ ဆေးလိပ်သောက်သုံးသည့် အမျိုးသမီးများတွင် အများဆုံး ဖြစ်ပွားတတ်ကြောင်း သိရသည်။
“ကာကွယ်ဆေးကို အသက် ၉ နှစ်အရွယ်ကနေ ထိုးပေးတာက အကောင်းဆုံးပါ။ ဆေးမထိုးခင်မှာ ဒီရောဂါပိုး ကူးစက်ခံရပြီးသူတွေ မဖြစ်စေဖို့နဲ့ လိင်မဆက်ဆံရသေးတဲ့ သူတွေဖြစ်တာကြောင့် အခုအသက်အရွယ်မှာ ထိုးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ပိုးကူးစက်ခံရပြီးမှ ဆေးထိုးတာကတော့ ဘာမှ မထိရောက်တော့ဘူး” ဟု ရခိုင်ပြည်မှ အမျိုးသမီးဆရာဝန်တစ်ဦးက ပြောသည်။
လေ့လာချက်များအရ အမျိုးသမီးတိုင်းလိုလိုမှာ HPV ဗိုင်းရပ်စ်ရှိနေပြီး ကျန်းမာကြံ့ခိုင်နေလျှင် HPV ကို ခံနိုင်ရည်ရှိကြောင်း ဆိုသည်။ သားအိမ်ခေါင်းကင်ဆာမှာ ကနဦးအဆင့်တွင် ရောဂါလက္ခဏာ မပြတတ်ပေ။
ကင်ဆာ အဆင့်မြင့်လာပါက အတူနေပြီး သွေးဆင်းခြင်း၊ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းစဉ် သွေးပါခြင်း/ အနံ့ဆိုးခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ အတူနေစဉ် မိန်းမကိုယ်နာခြင်း စသည့် လက္ခဏာများ ပြတတ်သည်။
ရခိုင်တွင် သားအိမ်ခေါင်းကင်ဆာအပါအဝင် တခြားကျန်းမာရေးဗဟုသုတများ အားနည်းနေသည့်အတွက် အသိပညာပေးအစီအစဉ်များ လုပ်ဆောင်သင့်ကြောင်း လူမှုရေးလှုပ်ရှားသူများက ထောက်ပြကြသည်။
လက်ရှိတွင် ရခိုင်ဒေသခံ ပြည်သူများအတွက် လိုအပ်သော ကာကွယ်ဆေးများကို ထိုးနှံပေးနိုင်ရန် ULA/AA ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကြိုးပမ်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
“အခုက ရောဂါတစ်ခုခုဖြစ်ရင် ကုသဖို့မလွယ်ဘူး။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထိုးချင်ပေမယ့် ဆေးက အလွယ်တကူ ရှာမရဘူး။ တိုက်ပွဲဖြစ်နေတော့ ဆေးတွေလည်း ရှားတယ်” ဟု အသက် ၂၀ အရွယ် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
သားအိမ်ခေါင်းကင်ဆာမှာ ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ အဖြစ်အများဆုံး စတုတ္ထမြောက်ကင်ဆာရောဂါ ဖြစ်ပြီး အမျိုးသမီး ၃ သိန်းကျော် နှစ်စဉ် သေဆုံးနေရသည်။ HPV ကာကွယ်ဆေးက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်ကြောင်း သုတေသီများက ပြောထားကြသည်။