- ကျောက်နီမော် ဗုံးကြဲခံရမှု လူမှုကွန်ရက်တွင် ဝေဖန်သူ ရခိုင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
- ပလပ်စတစ်ပိုက်များ ပြန်သုံးရန် အမိန့်ညွှန်ကြားစာ ထရမ့် လက်မှတ်ရေးထိုး
- စစ်တွေက စစ်ကောင်စီ တပ်စခန်းများကို AA ထိုးစစ်ဆင်
- တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းရန် စစ်ခေါင်းဆောင် ထပ်ပြောပြန်
- ရခိုင်တွင် ၁၀ ရက်အတွင်း အရပ်သားထိခိုက်သေဆုံးသူ ၃၀ ကျော်ထိ မြင့်တက်
တိုင်းရင်းသားလက်နက်ကိုင်များကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းရန် စစ်ခေါင်းဆောင် ထပ်ပြောပြန်
ငြိမ်းချမ်းရေးဖိတ်ခေါ်နေသော်လည်း တစ်ဖက်တွင် ပြည်သူများအား လေကြောင်းအပါဝင် နည်းမျိုးစုံဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းများ ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း စစ်ရေး၊ နိုင်ငံရေး စောင့်ကြည့်နေသူများက မှတ်ချက်ပြုသည်။
12 Feb 2025
![စစ်ခေါင်းဆောင်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နှစ်သစ်ကူးနေ့၊ လွတ်လပ်ရေးနေ့စသည့် အထင်ကရနေ့ကြီးများတွင် မကြာခဏ ဖိတ်ခေါ် ခြင်းများ ရှိနေသည်။](https://assets.dmediag.com/2025/2/Feat_210721_5.jpeg)
DMG ၊ ဖေဖော်ဝါရီ ၁၂
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းကြရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား မေတ္တာရပ်ခံကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောသည်။
" ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ လက်နက်ကိုင်အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ တောင်းဆိုတာဟာ မှားယွင်းတဲ့ နည်းလမ်းဖြစ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိတယ် " ဟု စစ်ခေါင်းဆောင်က ဆိုသည်။
ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်တွင် လက်တွဲ ပူးပေါင်းကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောဆိုထားသည်။
စစ်ခေါင်းဆောင်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နှစ်သစ်ကူးနေ့၊ လွတ်လပ်ရေးနေ့စသည့် အထင်ကရနေ့ကြီးများတွင် မကြာခဏ ဖိတ်ခေါ် ခြင်းများ ရှိနေသည်။
ငြိမ်းချမ်းရေးဖိတ်ခေါ်နေသော်လည်း တစ်ဖက်တွင် ပြည်သူများအား လေကြောင်းအပါဝင် နည်းမျိုးစုံဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းများ ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း စစ်ရေး၊ နိုင်ငံရေး စောင့်ကြည့်နေသူများက မှတ်ချက်ပြုသည်။
နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က " စစ်ခေါင်းဆောင်က ဆွေးနွေးပွဲ ဖိတ်ခေါ်တာဟာ လက်တွေ့မကျသလို အဖြေလည်း မဟုတ်ဘူး။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း နေသလိုပဲ မြင်တယ်။ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးကို ဆွေးနွေးမှုနဲ့ ဖြေရှင်းလိုတဲ့ စိတ်ရင်း မရှိဘူး။ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်ဖို့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာဟာ ပြောစကားနဲ့ လက်တွေ့ တခြားစီပါ " ဟု ပြောသည်။
စစ်ရေးအရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုနေခြင်းမှာ အပြောသက်သက်သာဖြစ်ပြီး လက်တွေ့ ဆန်သည့်လုပ်ရပ် မဟုတ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုကြသည်။
ယင်းအပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုကာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာတွင် ထည့်သွင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပနိုင်ငံအချို့က ဒေသတွင်း ပဋိပက္ခအခြေအနေအထိ ဖြစ်ပေါ်စေရန် ဖန်တီးလျက်ရှိနေပြီး စည်းလုံးမှုပြိုကွဲပါက ခေတ်သစ် ကိုလိုနီနယ်ချဲ့များပါ ပါဝင်စွက်ဖက်လာနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က " စကစက အပြစ်မဲ့ပြည်သူတွေ ခေါင်းကို တည့်တည့်ချိန်ပြီး သေနတ်နဲ့ ပစ်လာတာ။ ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး တစ်ပြည်လုံးကို ဗုံးကြဲသတ်ဖြတ်နေတဲ့ လူလိမ်တွေ ပြောတဲ့ စကားကို ယုံကြည်စရာ လက်ခံစရာမရှိဘူး " ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပြီး ထွက်ပေါ်လာသော အစိုး ရနှင့် နိုင်ငံတော်တာဝန်လွှဲအပ်ကာ သိက္ခာရှိသော ရွေးကောက်ပွဲနှင့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ကတိပေးထားသည်။
စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းမှာ အာဏာကို ရေရှည်ထိန်းထားနိုင်အောင် ပြောဆိုခြင်းသာဖြစ်ပြီး နိုင်ငံအနှံ့တွင် စစ်ရေးအရ နယ်မြေဆုံးရှုံးလာမှုများကို တားဆီးရန် ကြိုးစားနေခြင်းဟု ၈၈ မျိုးဆက် ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးက ပြောသည်။
" လက်ရှိမှာ နေရာဒေသအသီးသီးမှာ စစ်ရှုံးပြီး ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီပြောတဲ့ ငြိမ်းချမ်းရေး စကား အပေါ် တိုင်းရင်းသားတပ်တွေက လုံးဝ အယုံအကြည် မရှိဘူး။ အရင်က ဖြစ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေက သက်သေထူနေတာဖြစ်တယ်" ဟု ၎င်းက ပြောသည်။
လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများက ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်၊ ကရင်နီ၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများက မြို့ပေါင်း ၈၀ ကျော်အထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ပြင်းထန်နေသည်။
နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) ၏ ယခုနှစ်၊ ဇန်နဝါရီလထုတ် အစီရင်ခံစာတွင်လည်း တော်လှန်ရေးအင်အားစုများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် စစ်ကောင်စီတပ်ကင်းစင်ရေး၊ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် တော်လှန်ရေး ထိုးစစ်အရှိန်မြှင့်နိုင်ရေးကို ကြိုးပမ်အားထုတ်နေကြောင်း ဖော်ပြထားသည်။