AA နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ကို ခုခံရန် နတ်ရေကန်စခန်းသို့ စစ်ကောင်စီ တပ်အင်အား ထပ်ပို့

အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်တပ်စခန်းသို့ စစ်ကောင်စီက လက်နက်ခဲယမ်းအပါအဝင် တပ်အင်အား ထပ်မံ ပို့ဆောင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

By Admin 05 Mar 2025

ဓာတ်ပုံ - Myanmar Defence Weapons
ဓာတ်ပုံ - Myanmar Defence Weapons

DMG ၊ မတ် ၅

အာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်တပ်စခန်းသို့ စစ်ကောင်စီက လက်နက်ခဲယမ်းအပါအဝင် တပ်အင်အား ထပ်မံ ပို့ဆောင်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၃ ရက်နေ့တွင် တပ်မ ၉၉ မှ စစ်ကား ၁၀ စီးဖြင့် တပ်သားအင်အား ၃၀၀ ခန့်ကို ဆုံကုန်းကျေးရွာကို ဖြတ်၍ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ DMG သို့ ပြောသည်။

"စစ်ကောင်စီဘက်က တပ်မ ၉၉ လက်အောက်ခံ စစ်ကူတွေ ထပ်ပို့နေတယ်။ အခုက တော်လှန်ရေးတပ်တွေက ကြားဖြတ်ပြီး တိုက်တာ များနေတယ်။ ဒီစစ်ကြောင်းလည်း နတ်ရေကန်ကို ရောက်ချင်မှ ရောက်မှာပေါ့" ဟု ၎င်းက ပြောသည်။

နတ်ရေကန်ဗျူဟာစခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့ကာ ထိုးစစ်အရှိန်မြင့် တိုက်ခိုက်နေပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးမှုများရှိနေကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို ဖေဖော်ဝါရီ ဒုတိယအပတ်မှစ၍ AA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်လည်း လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် အသည်းအသန်ခုခံနေကာ မြေပြင်တပ်အင်အားဖြည့်တင်ရန် ကြိုးပမ်းလာနေခြင်းဖြစ်သည်။

"စစ်ကောင်စီဘက်က မြေပြင်စစ်အင်အားက သိပ်အသာစီး မရတဲ့ အနေအထားမှာ လေကြောင်းကိုပဲ အဓိက အားကိုးပြီး တိုက်နေတာ။ လေကြောင်းပစ်ကူသာမရှိရင်တော့ ဗျူဟာကိုလည်း တော်လှန်ရေးတပ်တွေ သိမ်းနိုင်တဲ့အနေအထား ဖြစ်တယ်" ဟု နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမ်း - ပဒါန်းလမ်းပိုင်း ဂုတ်ကြီးကျေးရွာ အနောက်ဘက် တောင်ထိပ်တွင်တည်ရှိသည့် နတ်ရေကန်ဗျူဟာစခန်းတွင် အင်းအားရာချီရှိကာ လက်နက်ကြီးအမြောက်များလည်း တပ်ဆင်ထားသော စစ်ကောင်စီ ခံစစ်အခိုင်အမာ စခန်းကြီးတစ်ခု ဖြစ်သည်။

အာရက္ခတပ်တော်သည် အမ်းအပါအဝင် တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ပြီးနောက် မဟာမိတ်များနှင့် လက်တွဲကာ ရိုးမတကြောရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေပြီး မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း ၃ တိုင်းသို့ စစ်ရေးဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။