ငပလီမြို့ ဂျိတ္တောကျေးရွာမှ ခိုနားရာမဲ့သူတို့၏ဘဝများ

ဘဝရပ်တည်ရာနေရာမရှိသည့် အခြေနေမျိုးတွင် တိုးချဲ့ဆောက်လုပ်လာသော ဟိုတယ်စီမံကိန်းများကြောင်းလည်း မစိုးအေးတို့လိုဘဝများသည် ဒုက္ခရောက်ကြရသည်။ တချို့နေစရာမရှိ၊ ကျော့ပိုက်ရှင်က မောင်းထုတ်၍ ကမ်းခြေများပေါ်တွင် နိုင်လွန်ပိတ်သားများဖြင့် ကျောတစ်ခင်းစာ ရရှိရုံနေထိုင်ကြသော်လည်း မလုံခြုံမှုဒဏ်ကို ခံစားကြရကြောင်း ဂျိတ္တောကျေးရွာရှိ အမှီခိုမဲ့သူများက ဆိုကြသည်။ 

By မိုးအောင် 16 Feb 2015


မိုးအောင် ရေးသားသည်။

ပင်လယ်ပြင်မှ ကမ်းခြေသို့ လှိုင်းများရိုက်ပုတ်နေသည့် လေတိုက်ခတ်မှုများကြားတွင် လှေငယ်များနှင့် ငါးဖမ်းစက်တပ်ယာဉ်များ ရေလှိုင်းနှင့်အတူ လူးလိမ့်နေကြသည်။ ကမ်းခြေတွင် ငါးခြင်းတောင်းသယ်လာသူများနှင့် လှေငယ်များကို ပြန်လည်ပြုပြင်သူများဖြင့် လှုပ်ရှားသက်ဝင်နေဆဲဖြစ်သည်။ ပင်လယ်ပြင်ထဲသို့ နေလုံးကြီး ဝင်ရောက်သွားပြီဖြစ်သော်လည်း ကမ်းခြေတွင် လှုပ်ရှားမူများရှိနေသေးသလို မစိုးအေး ကလည်း ဖာလက်စငါးဖမ်းပိုင်အား ဆက်ဖာနေဆဲဖြစ်သည်။ ပြတ်ရှရာများနှင့် အသားမာတက်နေသော မစိုးအေးလက်တွင် နိုင်လွန်ကြိုးငယ်များဖြင့် ပြဲနေသည့်ပိုက်အား လိုက်လံဖာစပ်နေခြင်းဖြစ်သည်။ 

ငါးဖမ်းမော်တော်တွင် လိုက်ပါသွားသည့် အိမ်ထောင်ရှင်အားစောင့်နေရင်း မစိုးအေးလည်း တစ်ဖက်တစ်ကမ်းမှ လုပ်ကိုင်နေခြင်ပင်။ သို့မှာသာ နေထိုင်ရေးနှင့်စားရေးသောက်ရေးကို အပူပင်းကင်းစွာ ကျော်လွှားနိုင်မည်။ နေရေးသည် မစိုးအေးတို့၏ လက်ရှိဘဝကို ခြောက်လှန့်နေသည်။ ကျော့ပိုက်ရှင်၏ အိမ်ခြံဝင်းထဲတွင် နေထိုင်ကြသည့်မူ ခြံပိုင်ရှင်၏ မျက်နှာကို အလိုကျ စောင့်ကြည့်နေရသည်။

သူ၏ နောက်ဘက်က နေအိမ်ကိုကြည့်ရင်း မစိုးအေးက စိတ်မသက်သက်စွာ စကားဆိုသည်။

“ ရှင်တို့ မြင်တဲ့အတိုင်းပါပဲ ဒီလိုတက်ညီလက်ညီ အလုပ်လုပ်ကြတာတောင် တစ်လတစ်လ အိမ်လခပုံမှန်မပေးနိုင်ဘူး။ လုပ်လာတာလည်း ဆယ့်ငါးနှစ်မကရှိပြီ အိမ်ပိုင်ယာပိုင်ဆိုတာ မဖြစ်နိုင်သေးဘူး” 

နေလောင်ထားသည့် မျက်နှာပြင်တွင် မစိုးအေး၏ စိတ်ပျက်ဝမ်းနည်းမှုသည် အထင်သားပေါ်လွင်နေသည်။ မစိုးအေး၏ ဇာတိရပ်မြေသည် ဤဒေသနှင့် မိုင်ပေါင်းရာချီဝေးသည် ပေါက်တောမြို့နယ်ကျေးရွာတစ်ခုမှ ဖြစ်သည်။ လွန်ခဲ့သည် ဆယ်နှစ်ကာလ မစိုးအေးအိမ်ထောင်ကျစဉ်ကတည်းကနေ ရွာမှမိတ်ဆွေအချို့နှင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းရန် ပြောင်းရွေ့လာခြင်းဖြစ်သည်။ ရေကြည်ရာမြက်နုရာအဖြစ် သံတွဲကမ်းခြေရှိ ဂျိတ္တောရွာသို့ပြောင်းရွေ့လာကြသည်မှာ ဆယ်နှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း ယနေ့ထက်တိုင် ရေလည်းနှောင်၍ မြက်လည်းခြောက်သွေ့နေဆဲ ဖြစ်သည်။

ကမ္ဘာကျော် စည်းစိမ်ခံစရာ ဟိုတယ်ကြီးများတည်ရှိသည့် ငပလီမြို့ရှိ ဂျိတ္တောကျေးရွာတွင် နေစရာမဲ့ပြီး ဒုက္ခပင်လယ်ဝေနေသူများ ရှိကြသည်။ မစိုးအေးတို့လို ဘဝမျိုးပင် နေစရာမဲ့သူများသည် ဂျိတ္တောကျေးရွာတွင် အိမ်ထောင်စု ထောင်ဂဏန်းနီးပါးရှိပြီး လူဦးရေလေးငါးထောင်မကရှိသည်ဟု ဂျိတ္တောကျေးရွာ၏ လူမှုရေးလှုပ်ရှားသူ ပေါက်တောဇာတိသား ကိုသန်းမြင့်က ဆိုသည်။

“ ကျွန်တော်တို့ သက်ဆိုင်ရာကို တင်ပြမလို့ အိမ်ရာမဲ့လူဦးရေ စာရင်းကောက်ယူတော့ လူဦးရေ ငါးထောင်နီးပါးရှိပြီး အိမ်ထောင်စု ထောင်ကျော်နေတယ်”

ဂျိတ္တောကျေးရွာတွင် ပြောင်းရွှေ့နေထိုင်ကြသူများသည် မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား အစရှိသည့် မြို့နယ်များမှ ဖြစ်ကြပြီး ငါးဖမ်းလုပ်ငန်း၊ ကုန်ရောင်းစားရန် အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ဆောင်ကြရန် ရောက်လာကြသူများဖြစ်ကြကြောင်း သိရသည်။ 

ရောက်ရှိလာကြသူများသည် သက်ဆိုင်ရာငါးဖမ်းစက်လှေပိုင်ရှင်များ၏ စီစဉ်ပေးမှုတွင် အများစုနေထိုင်ကြသည်။ စက်လှေများပေါ်တွင် လုပ်ကိုင်ကြရင်း ပိုက်ဆွဲ၊ ငါးတောင်းထမ်းသူများအဖြစ် နေထိုင်ကြပြီး ကျွမ်းကျင်လာသည့်အခါ ငါးဖမ်းစက်လှေ၏ခေါင်းဆောင် ရေရှုးအဖြစ်ကို ရောက်ရှိလာကြသည်။ မော်တော်ပေါ်လိုက်တဲ့ ငါးဖမ်းအုပ်စုတစ်စုမှာ လူခြောက်ဦးခန့်ပါရှိကြပြီး ဝေစုအဖြစ်နဲ့ လုပ်ကိုင်ကြသလို နေ့စားအဖြစ်လည်း လုပ်ကိုင်ကြသည်။ 

မစိုးအေး၏ ခင်ပွန်းသည် ရေရှုးတစ်ဦးဖြစ်သော်လည်း ရရှိသည့်လစာသည် လုံလောက်မှု မရှိဘဲ ဖျားနာနေသည့် အချိန်တွင်လည်း ပင်လယ်သို့ ထွက်ခွာရကြောင်း သူမကဆိုသည်။

“ တစ်ညလုံး ပင်လယ်ပြင်ကိုထွက်ပြီး ငါးဖမ်းရတာ၊ သူလုပ်ရာတာက ပင်လယ်ပြင်မှာကူးခတ်နေတဲ့ ငါးတွေကို လိုက်ပြရာတာ ငါးဖမ်း စက်လှေ ခေါင်းဆောင်လေ။ ဒါပေမဲ့ သူရတဲ့လက်စာက မလုံလောက်ဘူး စက်လှေကို မလိုက်တော့ဘူးဆိုရင် ကျော့ပိုင်ရှင်ဆီမှ ဆဲဆိုခံရပြီး နှင်ထုတ်တယ်”

ဂျိတ္တောကျေးရွာမှ လူမူရေးလုပ်ရှားသူ ကိုသန်းမြင့်က သူသိမြင်ကြုံတွေ့ရသည် အဖြစ်ပျက်များ၏ အခြေနေကို ပြောပြသည်။

ဘဝရပ်တည်ရာနေရာမရှိသည့် အခြေနေမျိုးတွင် တိုးချဲ့ဆောက်လုပ်လာသော ဟိုတယ်စီမံကိန်းများကြောင်းလည်း မစိုးအေးတို့လိုဘဝများသည် ဒုက္ခရောက်ကြရသည်။ တချို့နေစရာမရှိ၊ ကျော့ပိုက်ရှင်က မောင်းထုတ်၍ ကမ်းခြေများပေါ်တွင် နိုင်လွန်ပိတ်သားများဖြင့် ကျောတစ်ခင်းစာ ရရှိရုံနေထိုင်ကြသော်လည်း မလုံခြုံမှုဒဏ်ကို ခံစားကြရကြောင်း ဂျိတ္တောကျေးရွာရှိ အမှီခိုမဲ့သူများက ဆိုကြသည်။ 

“ သဘောဆိုးတဲ့ ကျော့ပိုက်ရှင်တွေက နှင်ထုတ်ပြီဆိုရင် နေလို့တောင်မရဘူး ချက်ချင်းထွက်သွားရတယ်လေ ၊ မိုးရာသီတွေဆိုရင် ဒီအတိုင်းပဲ မိုးပြင်းလေပြင်းနဲ့ မိုးရေထဲအိပ်ရတဲ့ မိသားစုတွေရှိတယ် ” 

ဂျိတ္တောကျေးရွာသည် ငပလီမြို့အဖြစ် သတ်မှတ်လိုက်သော မြို့ဧရိယာဆယ်ခုတွင် အပါအဝင်ဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ ပြီးခဲ့သည့်နှစ် ရခိုင်ပြည်ခရီးစဉ်အပြီးတွင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ငပလီမြို့ဖွံ့ဖြိုးစေရန်အတွက် ကျပ် ၅ ဘီလီယံအထိ သုံးစွဲသွားရန် အစီစဉ်ရှိသည်ဟု အစိုးရသတင်းများက ဆိုသည်။ 

ငပလီကမ်းခြေတွင် ယခုအခါ စစ်တပ်မှသိမ်းဆည်းထားသည့် မြေယာတစ်ချို့တွင်လည်း ဟိုတယ်များဆောက်လုပ်ရန် စီစဉ်မူများရှိနေသည်ဟုလည်း ပြည်တွင်းသတင်းစာတစ်စောင်တွင် ဖော်ပြခဲ့ဖူးသည်။  ငပလီ၏ မြင့်မားလာသော ဈေးနူန်းသည် ဒေသတွင်းနေထိုင်သူများ ဝယ်ယူရန်ခက်ခဲလာပြီး ကျော့ပိုက်လုပ်သားများအတွက်ဆိုလျှင် မိုးနှင့်မြေကြီးပမာ ဖြစ်နေသည်ဟု ဂျိတ္တောကျေးရွာမှ ပေါက်တောဇာတိသား ၊ အိုးအိမ်မြေနေရာများရရှိရေးကို ဆန္ဒပြတောင်းဆိုသူ ကိုသန်းမြင့်က ဆိုသည်။

“ ကိုယ်မြေတိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံခြားသားတွေက ဒေသခံတွေမပေးနိုင်တဲ့ ဈေးကိုပေးတော့ ဒေသခံတွေ ဘယ်လိုဝယ်ယူနိုင်မှာလဲ၊ ဒီလိုကျူးကျော်တဲ့ တိုင်းတပါးသားတွေကို အလွယ်တကူ ရင်းနှီးမြုပ်နံမှု မပေးနိုင်ဘူး ကိုယ်နိုင်ငံသားတွေကို နေရာရရှိရေး အရင်ပေးသင့်တယ် ” 

ဂျိတ္တောကျေးရွာတွင် ရခိုင်ပြည်အနှံ့မှ လာရောက်နေထိုင် လုပ်ကိုင်စားသောက်ကြပြီး အိုးအိမ်မရှိသူ အိမ်ထောင်စု ၁၁၈၁ စု၊  ယောင်္ကျားဦးရေ ၂၇၈၃ ယောက်၊ မိန်းမဦးရေ  ၂၇၄၄ ယောက် ရှိကြောင်း ကိုသန်းမြင့်တို့ ပြုစုထားသည့် စစ်တမ်းတွင် ဖော်ပြထားသည်။

ဂျိတ္တောရွာတွင် အိမ်ထောင်ဦးစီးများနှင့် ယောက်ျားများသည် ငါးဖမ်းလုပ်ငန်းများတွင်လုပ်ကိုင်ကြပြီး မိန်းမများမှာမူ ငါးခြောက်လှန်း၊ ငါးအမျိုးစားရွေး၊ ပိုက်ဖာလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ငါးဖမ်းလုပ်ငန်းများမှာမူ ရာသီချိန်တိုင်း ဖမ်းဆီးနေရခြင်းမဟုတ်ဘဲ နိုဝင်ဘာလနှင့် ဧပြီလအထိ နေ့စဉ်ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြသည်။ 

ဂျိတ္တောရွာရှိ ငါးဖမ်းသမားအများစုသည် ဘဝ၏ လှုပ်ရှားမူကို ပင်လယ်ပြင်တွင် ကုန်ဆုံးရပြီး သူတို့အိပ်စက်နေကြရသည့် အချိန်များသည် ကျော့ပိုက်ပိုင်ရှင်၏ တဲလိုင်ခန်းကျဉ်းလေးတွင်သာ နေကြရသည်။ နေစရာမရှိဘဲ ပင်လယ်ပြင်တွင် ငါးရှာပြီး ကမ်းခြေပေါ်တွင်ဖြစ်သလို အိပ်စက်နေကြရသည့် ကမ်းခြေဂျပ်ပစီများလည်းရှိသည်။ သို့သော် အများစုသည် သံတွဲဒေသခံများထက် တခြားရပ်ကျေးရွာမှ အလုပ်လုပ်ရန် ရောက်ရှိလာကြသူများ ဖြစ်ကြသည်။

ဟိုတယ်လုပ်ငန်းရှင်အများစုကမူ ထိုငါးဖမ်းသမားများ၏ လုပ်ကိုင်မူများကြောင်း ငပလီ၏ သန့်ရှင်းသန့်ရပ်မူများသည် ပျက်စီးလာကြရသည်ဟု ဆိုသည်။

ငပလီကမ်းခြေ ဂျိတ္တောကျေးရွာရှိ အိမ်ခြေမဲ့များအတွက် အိမ်ရာများရရှိစေရန် လွတ်တော်အမတ်များထံသို့လည်း တောင်းဆိုတင်ပြထားမှုများရှိကြောင်း ကိုသန်းမြင့်က ဆိုသည်။ သူ၏ ရည်ရွယ်ချက်သည် အစိုးရအနေနှင့် သည်ဒေသတွင် မြေလွတ်မြေရိုင်းများရှိပါက ရွာတည်ဆောက်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

မြေပုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ဦးအောင်ဝင်းက သည်ဒေသသို့ ရခိုင်ပြည်နယ်မြောက်ပိုင်းဖက်မှ လူအများစုရောက်ရှိလာခြင်းသည် ၎င်းတို့၏ဒေသတွင် လယ်ယာမြေများအား စစ်တပ်များက သိမ်းပိုက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ဂျိတ္တောတွင် အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ အခု ဖြစ်နေတာက ငပလီမှာလည်း ကိုယ့်တိုင်းရင်းသားတွေကိုသာ မြေနေရာ မဖန်တီးပေးနိုင်တာ နိုင်ငံခြားက ဝယ်ယူကြတာကိုတော့ အလွယ်တကူ ရောင်းချနေကြတယ်၊ ဒါကို ရောင်းချနေကြတဲ့သူတွေကို ပြည်နယ်အစိုးရအနေနဲ့ သိသင့်ပြီး နေစရာဖန်တီးပေးသင့်တယ်၊ မဟုတ်ရင် ပြည်နယ်အစိုးရအနေနဲ့ တာဝန်မကျေနိုင်ဘူးလို့ ကျွန်တော်ယူဆတယ် ” ဟု ဦးအောင်ဝင်းက ဂျိတ္တောဒေသရှိ ရေလုပ်သားများ နေရာမရရှိမှုအပေါ် မှတ်ချက်ပြုသည်။

ငပလီကမ်းခြေတစ်လျှောက်ရှိ ရေလုပ်ငန်းကို အခြေပြုလုပ်ကိုင်ကြသည့် ကျေးရွာများတွင် ကလေးငယ်များပါ ပါဝင်လုပ်ဆောင်ကြကြောင်း ၊ ငပလီတွင် ရခိုင်အမျိုးသား ညီလာခံပြုလုပ်စဉ်က မြင်တွေ့ခဲ့ရပုံကို ရခိုင်အမျိုးသားပါတီမှ နိုင်ငံခြားရေးရာဆက်ဆံရေးတာဝန်ခံ ဦး ဦးလှစောက စကားဝိုင်းတစ်ခုတွင် မှတ်ချက်ပြုဖူးသည်။

“ ပိုက်ကို ဖာနေကြတာ၊ အမေရယ်၊ ကလေးရယ် ဝိုင်းပြီးလုပ်ကိုင်နေကြတာ၊ ကလေးငယ်တွေရဲ့ အနာဂါတ်က ရင်လေးစရာပေါ့ ”

ငပလီကမ်းခြေမြို့တွင် မြေနေရာရှားပါးမူဒဏ်ကို ဂျိတ္တောရွာရှိ ရေလုပ်သားများ ခံစားရရုံမဟုတ်ဘဲ လုပ်ငန်းရှင်များလည်း ခံစားနေရကြောင်း ကျော့ပိုက်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးမောင်ညို က ဆိုသည်။

“ ငါးလှန်းကွက်က အခက်ခဲရှိပါတယ်။ ငါးလှန်းဖို့နေရာ လုံလုံလောက်လောက် မရနိုင်ဘူး ။ မရနိုင်တဲ့အတွက် လေကွင်းတွေမှာ သွားပြီးလှန်းရတယ်။ ဒီမှာက ရှိတဲ့ပိုက်ဖောင်နဲ့ ရှိတဲ့ကမ်းခြေနဲ့ စားလိုက်တယ်ပေါ့။ မြပြင်က ဟိုတယ်ဇုန်ဖြစ်သွားပြီး။ ရေလုပ်ငန်းတွေအတွက် မြေနေရာ အခက်ခဲဖြစ်သွားတယ်”

ထိုကြောင့် သီးသန့်ငါးခြောက်လုပ်ငန်းဇုန်တစ်ခုရရှိရန် ဆန္ဒရှိနေကြကြောင်း  DNJ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဂျိတ္တောကျေးရွာတွင် အိုးအိမ်များမဲ့နေကြသကဲ့သို့ နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများ မရှိသူတို့လည်း ရှိကြကြောင်း သိရသည်။ နိုင်ငံ၏ လူဦးရေစာရင်းကောက်ယူမူတွင် ထိုလူများ ကျန်ရစ်ခဲ့နိုင်သည်။ လက်ရှိအချိန် နိုင်ငံတော်အစိုးရက မြေမဲ့ယာမဲ့များဖြစ်သည့် အိမ်ထောင်စုများအတွက် City Development Plan . Township Development Plan များရေးဆွဲဆောင်ရွက်နေပြီဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပြီးဖြစ်သည်။ ရခိုင်ပြည်ထဲတွင် နေထိုင်လျက် ရခိုင်ပြည်သားများဖြစ်ကြသည့် ဂျိတ္တောရွာရှိ ရေလုပ်သားအများစုသည် ခိုနားစရာ ကိုယ်ပိုင်အိမ်မဲ့နေသည်မှာ ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်သည်။

သို့ဖြစ်ရာ ဂျိတ္တောကျေးရွာတွင် အိမ်ခြံမြေကိစ္စရယူရန် တောင်းဆိုသံ၊ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည် မစိုးအေးက ဆွဲပိုက်ကိုဖာရင်း သူမ၏ မျှော်လင့်ချက်ကို ပြောပြသည်။

“ နေရာတစ်ခုလောက် အတည်တကျ လိုချင်တာပေါ့၊ ဒါပေမဲ့ ဒီမြေမှာရှိနေတဲ့ ဈေးတွေက ကျမတို့ ဆယ်သက်ကြိုးစားရင်တောင် ရမှာမဟုတ်ဘူး ”

 

(ဤဆောင်းပါးကို ၂၀၁၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)