- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မွေးကင်းစကလေးတစ်ဦးအပါအဝင် အနည်းဆုံး ၁၉ ဦးသေဆုံး
အင်ဒိုနီးရှားနိုင်ငံ၊ မာလူကူကျွန်းစုတွင် ပြင်းအား ၆.၅ မက်ဂနီကျူရှိငလျင်တစ်ခု ကြာသာပတေးနေ့က လှုပ်ခတ်ခဲ့ရာ အာဏာပိုင်များ၏ ယနေ့နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၁၉ ဦးရှိကြောင်း ....
27 Sep 2019

အင်ဒိုနီးရှားနိုင်ငံ၊ မာလူကူကျွန်းစုတွင် ပြင်းအား ၆.၅ မက်ဂနီကျူရှိငလျင်တစ်ခု ကြာသာပတေးနေ့က လှုပ်ခတ်ခဲ့ရာ အာဏာပိုင်များ၏ ယနေ့နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၁၉ ဦးရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားသဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေးဌာနသည် မာလူကူငလျင်ကြောင့် သေဆုံးသူအရေအတွက်ကို ယမန်နေ့က ၂၃ ဦးဟုထုတ်ပြန်ခဲ့သော်လည်း ယနေ့တွင်မူ သေဆုံးသူဦးရေကို ၁၉ ဦးဟု ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ပြီး သေဆုံးသူအရေအတွက် တွက်ချက်ရာတွင် တစ်ဦးတည်းကို ၂ ကြိမ်ရေတွက်မိခဲ့မှုများကြောင့် ယမန်နေ့က ၂၃ ဦးဟု မှားယွင်းထုတ်ပြန်ခဲ့မိခြင်းဖြစ်ကြောင်း ပြောကြားသည်။
ငလျင်လှုပ်ခတ်ရာ အမ်ဘွန်မြို့တွင် ငလျင်ကြောင့် အဆောက်အဦများပြိုကျပျက်စီးပြီး ဒေသခံအများအပြားမှာ လမ်းမများထွက်သို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရသည်။
အဆောက်အဦး အပျက်အစီးအပိုင်းများ ပိမိကာ သေဆုံးသူများထဲတွင် မွေးကင်းစကလေးတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိကြောင်း CNA သတင်းအရ သိရသည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် အစ္စလာမ္မစ်တက္ကသိုလ် အဆောက်အဦအစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့ပြီး ဆရာမတစ်ဦးသည် ထိုပြိုကျသောအစိတ်အပိုင်းများ ပိမိကာ သေဆုံးသွားကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနတွင် ဖော်ပြ ထားသည်။
အမ်ဘွန်မြို့ရှိ အဓိကဆေးရုံမှာလည်း ပြိုကျပျက်စီးခဲ့သဖြင့် လူနာများကို ဆေးရုံဝင်းအတွင်း ယာယီတဲများဖြင့် ရွှေ့ပြောင်းထားရသည်။
ငလျင်သည် မာလူကူခရိုင်၊ အမ်ဘွန်မြို့၏ အရှေ့မြောက်ဘက် ၂၃ မိုင်အကွာသို့ ဗဟိုပြု၍ အနက် ၂၉ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးအင်ဂျင်စီက ထုတ်ပြန်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ပထဝီဝင်အနေအထားနှင့် ဘူမိဗေဒသဘာဝတို့အရ ကမ္ဘာပေါ်တွင် ငလျင်၊ မီးတောင်လှုပ်ရှားမှုတို့ အပါအဝင် သဘာဝဘေးဒဏ်များ အခံရဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လျက်ရှိသည်။
ပြီးခဲ့သောနှစ်ကလည်း ဆူလာဝေဆူကျွန်းပေါ်ရှိ ပါလူတွင် ပြင်းအား ၇.၅ မက်ဂနီကျုရှိ ငလျင်တစ်ခုလှုပ်ခတ်ပြီး နောက်ဆက်တွဲ ဆူနာမီရိုက်ခတ်မှုကြောင့် ပျောက်ဆုံး၊ သေဆုံးခဲ့ရသူပေါင်း ၄၃၀၀ ကျော်အထိရှိခဲ့သည်။
၂၀၀၄ ခုနှစ်က အင်ဒိုနီးရှား ဆူမတြားကမ်းရိုးတမ်းတွင် ပြင်းအား ၉.၁ မက်ဂနီကျူငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ ဆူနာမီရိုက်ခတ်ခဲ့သော ကမ္ဘာကျော် ဆူနာမီဖြစ်စဉ်တုန်းကဆိုလျှင် သေဆုံးသူအရေအတွက်မှာ ၂၂၀၀၀၀ အထိပင်ရှိခဲ့သည်။