ကမ္ဘာ့လူချမ်းသာ ၂၀၀၀ ကျော်၏ပိုင်ဆိုင်မှုသည် အဆင်းရဲဆုံးလူပေါင်း ၄.၆ ဘီလျံ၏ပိုင်ဆိုင်မှု စုစုပေါင်းထက် ပိုများ

ကမ္ဘာ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး နိုင်ငံတကာ NGO အဖွဲ့တစ်ခုဖြစ်သည့် Oxfam သည် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် မကြာမီ ကျင်းပပြုလုပ်သွားမည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များ၏ ကမ္ဘာ့စီးပွားရေးဖိုရမ် မတိုင်မီတွင် "ဂရုစိုက်ရန်အချိန်တန်ပြီ" ဟုအမည်ရသော ၎င်း၏အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

By Foreign Desk 21 Jan 2020

လုပ်အားခမရသော အိမ်ထောင်မှုအလုပ်များလုပ်ကိုင်သူ အမျိုးသမီးများ၏ ကမ္ဘာ့စီးပွားရေးထဲသို့ထည့်ဝင်မှုမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀.၈ ထရီလျံခန့်အထိရှိနိုင်သည်။ (ဓာတ်ပုံ - Yahoo News)

၂၀၁၉ ခုနှစ်အတွင်းတွင် ကမ္ဘာအချမ်းသာဆုံး လူပေါင်း ၂၁၅၃ ဦးက ပိုင်ဆိုင်သောငွေကြေးမှာ ကမ္ဘာ့ပေါ်ရှိအဆင်းရဲဆုံး လူပေါင်း ၄.၆ ဘီလျံ၏ ပိုင်ဆိုင်မှုစုစုပေါင်းထက် ပိုများခဲ့ကြောင်း Oxfam အဖွဲ့ကြီးက ထုတ်ပြန်သော အစီရင်ခံစာ ကိုကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြလိုက်သည်။

ထို့ပြင် လုပ်ခလစာမရရှိသော၊ သို့မဟုတ် သတ်မှတ်နှုန်းထားအောက်နည်းပါးသော လုပ်ခလစာသာရရှိသော အမျိုးသမီးများနှင့်မိန်းကလေးများ၏လုပ်အားက ကမ္ဘာ့စီးပွားသို့ နှစ်စဉ်ထည့်ဝင်မှု နည်းပညာနယ်ပယ်မှ ထည့်ဝင်မှုထက် ၃ ဆ ပိုများကြောင်းလည်း တနင်္လာနေ့(ဇန်နဝါရီ ၂၀ ရက်)တွင် ထုတ်ပြန်လိုက်သည့် ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး နိုင်ငံတကာ NGO အဖွဲ့တစ်ခုဖြစ်သည့် Oxfam သည် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် မကြာမီ ကျင်းပပြုလုပ်သွားမည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များ၏ ကမ္ဘာ့စီးပွားရေးဖိုရမ် မတိုင်မီတွင် "ဂရုစိုက်ရန်အချိန်တန်ပြီ" ဟုအမည်ရသော ၎င်း၏အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများ လုပ်အားခမရရှိဘဲ၊ အသိအမှတ်ပြုခံရခြင်းမရှိဘဲ အလုပ်လုပ်ကိုင်နေရသော နာရီစုစုပေါင်းမှာ တစ်ရက်လျှင် နာရီပေါင်း ၁၂.၅ ဘီလျံထိရှိနေပြီး လုပ်အားခရရှိခြင်းမရှိသော အိမ်ထောင်မှုအလုပ်များလုပ်ကိုင်သူ အမျိုးသမီးများ၏ ကမ္ဘာ့စီးပွားရေးထဲသို့ ထည့်ဝင်မှုမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀.၈ ထရီလျံခန့်အထိရှိနိုင်သည်ဟုလည်း Oxfam ၏ အစီရင်ခံစာ ခန့်မှန်းထားသည်။

"ကမ္ဘာ့စီးပွားရေးကို နောက်ကွယ်ကနေမောင်းနှင်ပေးနေတဲ့ အင်အားတစ်ရပ်ဟာ တကယ်တမ်းမှာ လုပ်အားခမရရှိတဲ့ အိမ်ထောင်မှုအလုပ်တွေလုပ်ကိုင်ရသူ အမျိုးသမီးများဖြစ်တယ်ဆိုတာကို လူအများသိမြင်လာအောင် မီးမောင်းထိုးပြနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကိုပြောင်းလဲပစ်ဖို့လိုပါတယ်" ဟု Oxfam အိန္ဒိယ၏ CEO ဖြစ်သူ အမီတာဘီဟာ ကပြောကြားသည်။

ကမ္ဘာ့စီးပွားရေးတွင် သာတူညီမျှမှုမရှိခြင်းကို မြင်သာအောင်ဖော်ပြရန်အတွက် ဘီဟာက အိန္ဒိယတွင် ဘူချူးဒေဝီ ဟုခေါ်သည့် ရေသယ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ကလေးများ၏ ဝေယာဝစ္စများလုပ်ခြင်းတို့ကို လုပ်ကိုင်ရသော အမျိုးသမီးများသည် ထိုအလုပ်များအတွက် တစ်နေ့လျှင် ၁၆ နာရီ၊ ၁၇ နာရီအထိ အလွန်နည်းပါးသောလုပ်ခဖြင့် လုပ်ကိုင်နေရကြောင်းလည်း ပြောဆိုခဲ့သည်။

"အခြားတစ်ဖက်မှာတော့ ဒါဗို့စ်မြို့မှာတွေ့ဆုံစည်းဝေးဖို့အတွက် ကိုယ်ပိုင်လေယာဉ်တွေ၊ ဂျက်လေယာဉ်တွေ၊ အင်မတန်ချမ်းသာတဲ့ ဘဝနေမှုပုံစံတွေနဲ့ လာမယ့် ဘီလျံနာတွေကို တွေ့မြင်ရမှာပေါ့ " ဟု၎င်းက ပြောကြားသည်။

"ကမ္ဘာကြီးပေါ်ကို ကြည့်လိုက်ရင် နိုင်ငံပေါင်း ၃၀ မှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာကို ခင်ဗျားတို့တွေ့မြင်ရမှာပါ။ လူတွေဟာ လမ်းပေါ်ထွက်ပြီး ဘာတွေပြောနေကြသလဲ။  သူတို့ဟာ ဒီ မညီမှုကိုလက်မခံကြဘူး။ ဒီလိုအခြေအနေမျိုးနဲ့ သူတို့ ဆက်လက်ရှင်သန်နေထိုင်ကြမှာ မဟုတ်ဘူး" ဟုလည်း ဘီဟာကပြောကြားခဲ့သည်။