ယူကရိန်း ကီယက်ဗ်အနီးတဝိုက်တွင် လူသေအလောင်း ၄၁၀ အထိ တွေ့ရှိထား

ရုရှားတို့၏ လုပ်ရပ်များ စစ်ရာဇဝတ်မှုမြောက်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ ကီယက်ဗ်အနီးရှိ မြို့များတွင် လူသေအလောင်း ၄၁၀ အထိ တွေ့ရှိထားပြီး မျက်မြင်သက်သေအချို့ဆိုလျင် ထိတ်လန့်ချောက်ချားဖွယ် မြင်ကွင်းများကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ယူကရိန်း ထိပ်တန်းရှေ့နေတစ်ဦးက ဧပြီလ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

05 Apr 2022

ဓာတ်ပုံ - Reuters

DMG ၊ ဧပြီ ၅

ရုရှားတို့၏ လုပ်ရပ်များ စစ်ရာဇဝတ်မှုမြောက်ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ ကီယက်ဗ်အနီးရှိ မြို့များတွင် လူသေအလောင်း ၄၁၀ အထိ တွေ့ရှိထားပြီး မျက်မြင်သက်သေအချို့ဆိုလျင် ထိတ်လန့်ချောက်ချားဖွယ် မြင်ကွင်းများကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ယူကရိန်း ထိပ်တန်းရှေ့နေတစ်ဦးက ဧပြီလ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

ကီယက်ဗ်မြို့အနီးတစ်ဝိုက်မှ ရုရှားတပ်များ ဆုတ်ခွာသွားချိန်၌ ဘူချာမြို့တွင် ရုရှားတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသူ ၃၀၀ အထိရှိခဲ့ကြောင်း ဘူချာမြို့တော်ဝန်က ပြောသည်။

ရုရှား ပြည်ထဲရေးဝန်ကြီး ဒီနစ်မိုနာစတီစကီးက သတ်ဖြတ်ခံရသော အရပ်သားအရေအတွက်သည် ရာပေါင်းများစွာရှိသော်လည်း လတ်တလောတွင် အဆိုပါဒေသများ၌ မိုင်းရှင်းလင်းရေး လုပ်ငန်းများလည်း ဆောင်ရွက်နေဆဲဖြစ်သဖြင့် အရေအတွက်အတိအကျကို မပြောနိုင်သေးကြောင်း ပြောသည်။

\“ပျောက်ဆုံးနေတယ်လို့ ယူဆရတဲ့ ဒေသခံတွေ အများအပြားရှိနေပါတယ်။ အရေအတွက် အတိအကျကို မပြောနိုင်ပေမယ့် တော်တော်များပါတယ်” ဟု သူကပြောသည်။

ရုရှားကမူ ၎င်းတပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုကျူးလွန်ခဲ့သည် ဆိုသော စွပ်စွဲချက်များကို ငြင်းပယ်ထားသည်။ ရုရှားတပ်ဖွဲဝင်များသည် မည်သည့် ဒေသခံကိုမျှ အကြမ်းဖက်မှု မကျူးလွန်ခဲ့ကြောင်းနှင့် ယူကရိန်းတို့သည် အနောက်မီဒီယာများအလိုကျ သွေးထိုးလှုံ့ဆော်မှုများ ဖန်တီးနေကြောင်း မော်စကိုဘက်က တုံ့ပြန်ပြောကြားသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက “သတ်ဖြတ်ခံရသူ နှိပ်စက်ခံရသူ အရပ်သားတွေ ရာပေါင်းများစွာရှိပါတယ်။ လမ်းပေါ်မှာအလောင်းတွေ၊ မိုင်းထောင်ထားတဲ့ နေရာတွေ။ တချို့အလောင်းတွေမှာဆိုရင် မိုင်းတွေ ထပ်ထောင်ထားပါတယ်” ဟု ပြောသည်။

ယူကရိန်းရှေ့နေများသည် တနင်္ဂနွေနေ့တွင် ဘူချာ၊ အာပင်နှင့် ဟော့စ်တိုမဲလ်မြို့များသို့သာ ဝင်ရောက်စစ်ဆေးနိုင်ခဲ့ပြီး ရာဇဝတ်မှုများကို အသေးစိတ်သိရှိနိုင်ရန်အတွက် အချိန်ထပ်လိုကြောင်း ရှေ့နေချုပ် အိုင်ရီနာဗီနီဂျက်တိုဗာက ပြောကြားသည်။

“ကျွန်မတို့ မျက်မြင်သက်သေတွေနဲ့ တွေ့ဖို့လိုပါတယ်” ဟု သူမက ပြောသည်။

လက်ရှိအချိန်အထိ အလောင်း ၁၄၀ ကို စစ်ဆေးပြီးဖြစ်ကာ ကီယက်ဗ်အနီးတစ်ဝိုက်သို့ မှုခင်းဆေးပညာရှင်များ ရနိုင်သလောက်များများ ပေးပို့ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ အကူအညီတောင်းခံထားသည်ဟု သူမက ပြောသည်။