G7 နိုင်ငံများသိမ်းယူထားသည့် ရုရှားပိုင်ဆိုင်မှုများထဲမှ ဒေါ်လာ ၅၀ ဘီလျံ ယူကရိန်းကို ထုတ်ချေးမည်

အီတလီနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ထိပ်သီး ၇ နိုင်ငံ G7 အစည်းအဝေးတွင် ယခုကဲ့သို့ ထုတ်ချေးမည့်အစီအစဉ်ကို အကြမ်းဖျင်း သဘောတူလိုက်ကြခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 14 Jun 2024

G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေကြသည့် နိုင်ငံ့ခေါင်းဆောင်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters
G7 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေကြသည့် နိုင်ငံ့ခေါင်းဆောင်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

ယူကရိန်းကို ၂၀၂၂ ခုနှစ်တွင် ရုရှားက ကျူးကျော်ခဲ့ပြီးနောက် မော်စကို၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းထားသည်များ အနက် အမေရိကန်ဒေါ်လာ ၅၀ ဘီလျံကို ယူကရိန်းအား ထုတ်ချေးရန် G7 နိုင်ငံများက ဇွန်လ ၁၃ ရက်နေ့တွင် သဘောတူလိုက်ပြီဖြစ်သည်။

အီတလီနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ထိပ်သီး ၇ နိုင်ငံ G7 အစည်းအဝေးတွင် ယခုကဲ့သို့ ထုတ်ချေးမည့်အစီအစဉ်ကို အကြမ်းဖျင်း သဘောတူလိုက်ကြခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတဘိုင်ဒန်က ဤသဘောတူညီချက်သည် သိသာထူးခြားသည့် ရလဒ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

“ကျနော်တို့ နောက်ပြန်မဆုတ်ဘူး ဆိုတဲ့အကြောင်း ပူတင်ကို ထပ်မံသတိပေးလိုက်တာ ဖြစ်ပါတယ်” ဟုလည်း ဘိုင်ဒန်က ပြောသည်။

သိမ်းဆည်းထားသည့် ရုရှားပိုင်ဆိုင်မှုများသည် ဒေါ်လာဘီလျံ ၃၀၀ ခန့် တန်ဖိုးရှိပြီး ၎င်းမှရရှိသည့် အမြတ်အစွန်းပမာဏကို သုံးကာ ယခုကဲ့သို့ ယူကရိန်းအား နှစ်ရှည်ထုတ်ချေးရန် သဘောတူလိုက်ကြခြင်းလည်း ဖြစ်သည်။ အဆိုပါ သိမ်းဆည်းမှုများအနက် အများအပြားမှာ ဥရောပသမဂ္ဂထံတွင် ရှိနေသည်။

ရုရှားဘက်ကမူ G7 ၏ ယခုသဘောတူညီချက်သည် ရာဇဝတ်မှုဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။ မော်စကို၏ တုံ့ပြန်ချက်သည် ဥရောပသမဂ္ဂအတွက် နာကြင်ဖွယ်ရာ ဖြစ်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာခါရိုဗာက ဇွန် ၁၃ ရက်နေ့က ပြောကြားသည်။

ယခုအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးလည်း တက်ရောက်လျက်ရှိသည်။ 

ဇီလင်စကီးသည် ဂျပန်နှင့် ၁၀ နှစ်တာ လုံခြုံရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒန်နှင့်လည်း နောက်ထပ် ကာလရှည် လုံခြုံရေး သဘောတူညီချက် တစ်ရပ်ကို ထပ်မံ လက်မှတ်ထိုးခဲ့သည်။ ဂျပန်သည် ယခုနှစ်တွင် ယူကရိန်းကို အမေရိကန်ဒေါ်လ ၄.၅ ဘီလျံ ထောက်ပံ့မည်ဖြစ်သည်။

ရုရှားပိုင်ဆိုင်မှုများထဲမှ ယူကရိန်းအား ထောက်ပံ့မည့် အစီအစဉ် အသေးစိတ်ကို လာမည့် သီတင်းပတ်များအတွင်း အချောသတ်မည်ဖြစ်ပြီး ကိယက်ဗ်အတွက် ငွေသားအသစ်ကို ယခုနှစ်ကုန် နောက်ဆုံးထား ပေးပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ