သမ္မတဘိုင်ဒန် နေတိုးထိပ်သီးအစည်းအဝေးမှာ ဇီလင်စကီးကို ပူတင်ဟု မှားယွင်းမိတ်ဆက်

ဝါရှင်တန်တွင် ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေး၌ နေတိုး-ယူကရိန်း သဘောတူညီချက် တစ်ရပ်ကို ကြေညာပြီးနောက် ယခုကဲ့သို့ မှားယွင်းပြောကြားမိခြင်း ဖြစ်သည်။

By Admin 12 Jul 2024

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပသည့် နေတိုးအစည်းအဝေးတစ်ရပ်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးအား ၎င်း၏ မဟာရန်သူ ဗလာဒီမာပူတင်အဖြစ် မှားယွင်း မိတ်ဆက်မိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝါရှင်တန်တွင် ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေး၌ နေတိုး-ယူကရိန်း သဘောတူညီချက် တစ်ရပ်ကို ကြေညာပြီးနောက် ယခုကဲ့သို့ မှားယွင်းပြောကြားမိခြင်း ဖြစ်သည်။

သမ္မတဘိုင်ဒန်က “အခုတော့ ယူကရိန်းသမ္မတဆီ လွှဲပေးလိုပါတယ်။ ရဲရင့်ပြီး ဆုံးဖြတ်ချက်ပြတ်သားသူပါ။ လူကြီးမင်းများခင်ဗျာ။ သမ္မတပူတင်ပါ” ဟု ပြောကြားလိုက်သည်ကို  နိုင်ငံတကာ သတင်းများတွင် ဖော်ပြကြသည့် ဗီဒီယိုဖိုင်များ၌ တွေ့ရသည်။

ထိုသို့ပြောပြီး နောက်ပြန်လှည့်သွားပြီးမှ မိုက်ရှိရာဘက်သို့ ပြန်လှည့်လာပြီး “သမ္မတပူတင်။ သူဟာ သမ္မတပူတင်ကို အနိုင်ယူမယ့်သူပါ။ သမ္မတဇီလင်စကီး ဖြစ်ပါတယ်။ ကျွန်တော်လည်း ပူတင်ကို အနိုင်ယူချင်စိတ် ဇောကြီးလွန်းလို့ စိုးရိမ်စရာတောင် ဖြစ်နေပါပြီ။ ထားလိုက်ပါတော့.. သမ္မတကြီးရေ” ဟု ပြင်ဆင်ပြောကြားခဲ့သည်ကို တွေ့ရသည်။

ပူတင်နှင့် မှားယွင်းပြောခံရမှုအား သမ္မတဇီလင်စကီးကလည်း “ကျွန်တော်က သူ့ထက်တော်ပါတယ်” ဟု အရွှန်းဖောက်ကာ ပြောကြားခဲ့သည်ကို တွေ့ရသည်။

ဘိုင်ဒန်သည် ၎င်း၏ မှားယွင်းမှုကို ချက်ချင်းပင် ပြန်လည်ပြင်ဆင် ပြောကြားနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ပတ်ကမှ ပြုလုပ်ခဲ့သည့် ဒေါ်နယ်ထရမ့်နှင့် စကားစစ်ထိုးပွဲတွင်လည်း ဘိုင်ဒန်၏ ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းမှုများကို လူအများ စိုးရိမ်ပူပန်လျက်ရှိကြသည်ဖြစ်ရာ ယခုဖြစ်ရပ်သည် အဆိုပါ စိုးရိမ်မှုများကို ပိုဆိုးစေဦးမည် ဖြစ်သည်။

အသက် ၈၁ နှစ်အရွယ် ဂျိုးဘိုင်ဒန်၏ ယိုယွင်းလာသော အခြေအနေများကြောင့် ဒီမိုကရက် ပါတီဝင်များကိုယ်တိုင်က ဘိုင်ဒန်ကို ၂၀၂၄ သမ္မတရွေးကောက်ပွဲတွင် ဝင်မပြိုင်ရန် တောင်းဆိုမှုများ ရှိလာနေသည်။ ဘိုင်ဒန်ကို သမ္မရွေးကောက်ပွဲ ထပ်မပြိုင်သင့်ဟု ယူဆသည့် အမေရိကန်နိုင်ငံသား အရေအတွက်သည်လည်း သုံးပုံနှစ်ပုံအထိ ရှိလာကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတဘိုင်ဒန်ကမူ မိမိအနေဖြင့် လုံးဝနောက်မဆုတ်ဘဲ နိုဝင်ဘာရွေးကောက်ပွဲကို ဝင်ပြိုင်သွားမည်ဟုသာ ပြောကြားထားသည်။

ဗီဒီယိုများ