လကမ္ဘာ၌ 4G ဆက်သွယ်ရေးကွန်ရက် နာဆာနှင့် နိုကီရာ ပူးပေါင်းတည်ဆောက်မည်

နာဆာသည် လပေါ်တွင် အမေရိကန်ဒေါ်လာ ၁၄.၁ သန်းတန် 4G ကွန်ရက်တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် နိုကီရာကုမ္ပဏီအား ရွေးချယ်လိုက်ပြီဖြစ်သည်။

20 Oct 2020

(ဓာတ်ပုံ - Vodafone)

နာဆာသည် လပေါ်တွင် အမေရိကန်ဒေါ်လာ ၁၄.၁ သန်းတန် 4G ကွန်ရက်တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် နိုကီရာကုမ္ပဏီအား ရွေးချယ်လိုက်ပြီဖြစ်သည်။

စီမံကိန်းကို အကောင်အထည်ဖော်မည့် နိုကီရာ၏ Bell Labs သုတေသနကုမ္ပဏီသည် 4G-LTE ကွန်ရက်ကို အာကာသယာဉ်တည်ဆောက်ရေး ကုမ္ပဏီ Intuitive Machines နှင့် တွဲဖက်၍ တည်ဆောက်သွားမည်ဖြစ်သည်။

Bell Labs ၏ စီမံကိန်းအရ အာကာသယာဉ်မှူးများသည် ကြိုးမဲ့ကွန်ရက်စနစ်ကို အသုံးပြုကာ အချက်အလက်များ ထုတ်လွှတ်ခြင်း၊ လပေါ်သွားယာဉ်များကို ထိန်းချုပ်ခြင်း၊ လကမ္ဘာ၏ ပထဝီအနေအထားအား အချိန်နှင့် တပြေးညီ လမ်းညွှန်ပေးခြင်း (ဥပမာ - လက်ရှိ Google Map အသုံးပြုနေကြသကဲ့သို့) နှင့် ရုပ်သံကြည်လင်ပြတ်သားသော HD ဗီဒီယို ထုတ်လွှင့်ခြင်း တို့ကဲ့သို့ လုပ်ဆောင်ချက်များ ဆောင်ရွက်နိုင်ကြမည် ဖြစ်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

4G ကွန်ရက်သည် လက်ရှိလပေါ်တွင် သုံးနေသည့် ရေဒီယိုစနစ်ထက် ပိုမိုစိတ်ချရမည်ဖြစ်ကာ ပိုမိုရှည်လျားသည့် အကွာအဝေးကို ဆက်သွယ်နိုင်မည့် အနေအထားရှိသည်ဟု နာဆာက ဆိုသည်။
 
ကမ္ဘာတွင် လက်ရှိအသုံးပြုနေသည့် 4G ကွန်ရက်အတွက် အလွန်ကြီးမားသည့် ဆက်သွယ်ရေးတာဝါများကို အသုံးပြုရပြီး ထိုတာဝါတိုင်များအတွက် လျှပ်စစ်ဓာတ်အား အလုံးအရင်း ထုတ်လွှတ်ပေးထားရသည်။ Bell Labs ၏ နည်းပညာသစ်တွင်မူ အရွယ်အစား အလွန်သေးငယ်စွာ ဖန်တီးထားပြီး ထုတ်လွှတ်မှုပမာဏကို ပိုမိုကန့်သတ်ထားသဖြင့် သမာရိုးကျဆက်သွယ်ရေး တာဝါများထက် လျှပ်စစ်ဓာတ်အားရယူမှု အလွန်နည်းပါးသည်။ ဒုံးပျံယာဉ်တွင်လည်း အလွယ်တကူ သယ်ယူသွားနိုင်မည် ဖြစ်သည်။

နာဆာသည် ၂၀၂၄ ခုနှစ်အတွင်း လကမ္ဘာသို့ ထပ်မံခြေချရန် ရည်ရွယ်ထားသည်။  လပေါ်သို့ ရောက်ချိန်၌ ၎င်းတို့၏ အာကာသယာဉ်မှူးများ အချင်းချင်းဆက်သွယ်ရာတွင် ပိုမိုထိရောက်၍ စိတ်ချရသော ကြားခံဆက်သွယ်ရေးကွန်ရက်များ ရရှိပြီးဖြစ်ရန်နှင့် 4G LTE ကွန်ရက်သုံး လျှပ်စစ် ပစ္စည်းများနှင့် ယာဉ်အမျိုးမျိုးကိုပါ အသုံးပြုနိုင်ရန် ရည်ရွယ် ဆောင်ရွက်နေခြင်းကြောင်း Sky News သတင်းတွင် ဖော်ပြထားသည်။