ကမ္ဘာတစ်ဝန်း ကိုဗစ်ကြောင့်သေဆုံးသူ ၅ သန်းပြည့်ပြီ

ကိုဗစ်ရောဂါကြောင့် သေဆုံးရသူစုစုပေါင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၅ သန်းပြည့်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက တရားဝင်သတင်းရင်းမြစ်များထံမှ စုစည်းထားသည့် စာရင်းများအရ သိရသည်။

02 Nov 2021

ဓာတ်ပုံ - AFP

ကိုဗစ်ရောဂါကြောင့် သေဆုံးရသူစုစုပေါင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ၅ သန်းပြည့်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနက တရားဝင်သတင်းရင်းမြစ်များထံမှ စုစည်းထားသည့် စာရင်းများအရ သိရသည်။

၂၀၁၉ နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ စတင်တွေ့ရှိခဲ့ရသော ကိုဗစ်ရောဂါကြောင့် နေ့စဉ် ကမ္ဘာတစ်ဝန်း သေဆုံးသူပမာဏသည် တစ်နှစ်တာနီးပါး ကာလအတွင်း ပထမဆုံးအဖြစ် အောက်တိုဘာလ အစောပိုင်းမှ စတင်၍ တစ်နေ့ ၈ ထောင်အောက်သို့ ကျဆင်းခဲ့သည်။ သို့သော်လည်း အချို့သော နိုင်ငံများတွင်မူ သေဆုံးသူပမာဏ မြင့်မားဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

Worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ အမေရိကန်နိုင်ငံသည် သေဆုံးသူဦးရေ အများဆုံးဖြစ်ကာ စုစုပေါင်း ၇ သိန်းခွဲဝန်းကျင် ရှိသည်။ အမေရိကန်ပြီးလျှင် ဘရာဇီးက သေဆုံးသူ ၆ သိန်းကျော်၊ အိန္ဒိယက ၄ သိန်းခွဲ အသီးသီးရှိသည်။ မက္ကစီကိုနိုင်ငံသည်လည်း လက်ရှိအချိန်အထိ သေဆုံးသူ ၂ သိန်း ၉ သောင်းနီးပါး ရှိနေပြီဖြစ်သည်။

အရှေ့တောင်အာရှဒေသတွင်း အင်ဒိုနီးရှားနိုင်ငံသည် သေဆုံးသူအများဆုံးဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၁ သိန်းခွဲနီးပါး ရှိကြောင်း Worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

အင်ဒိုနီးရှားနောက်တွင် ဖိလစ်ပိုင်က သေဆုံးသူ ၄ သောင်းကျော်၊ မလေးရှားက သေဆုံးသူ ၃ သောင်းနီးပါး အသီးသီးရှိကြသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁ ရက်နေ့အထိ ကိုဗစ်သေဆုံးသူစုစုပေါင်း ၁၈၇၁၄ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လမှ လက်ရှိအချိန်အထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၅ သိန်းကျော်ရှိကြောင်း အာဏာပိုင်များ၏ တရားဝင်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုတွင် ပြီးခဲ့သော သီတင်းပတ်ထက် ယခုသီတင်းပတ်၌ သေဆုံးသူပမာဏ ၁၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး လက်ရှိ၌ နေ့စဉ် သေဆုံးသူဦးရေ ၁၄၀၀ ခန့်ရှိသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို ငြင်းဆန်သူအများအပြား ရှိနေသည့် ရုရှားတွင် ကူးစက်မှုနှင့် သေဆုံးမှု ရာခိုင်နှုန်းသည် စံချိန်သစ်တင်ခဲ့ပြီး အောက်တိုဘာလ ၂၀ နောက်ပိုင်းမှစတင်၍ နေ့စဉ် သေဆုံးသူပမာဏ ၁၀၀၀ ကျော်ရှိနေသည်။

ရုရှားတွင် နိုဝင်ဘာလ ၁ ရက်နေ့အထိ သေဆုံးသူစုစုပေါင်းသည် ၂ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း အစိုးရကထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ဥရောပဒေသတွင် ရုရှားပြီးလျှင် ယူကရိန်းနှင့် ရိုမေးနီးယားတို့သည် နေ့စဉ်သေဆုံးမှု အမြင့်ဆုံးနိုင်ငံများ ဖြစ်ကြသည်။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း နေ့စဉ် သေဆုံးသူ ယူကရိန်းတွင် ပျမ်းမျှ ၅၄၆ ဦးနှင့် ရိုမေးနီးယားတွင် ပျမ်းမျှ ၄၄၂ ဦးတို့ အသီးသီးရှိကြသည်။