- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စစ်လက်နက်နည်းပညာမှာ အမေရိကန်နှင့်တန်းတူ ယှဉ်နိုင်နေပြီဖြစ်ကြောင်း ပြသမည့် တရုတ်ကွန်မြူနစ်ပါတီ အာဏာရရှိခြင်း နှစ် ၇၀ ပြည့် စစ်ရေးပြပွဲ
တရုတ်တို့၏ စစ်လက်နက်နည်းပညာမှာ အမေရိကန်နှင့်အခြားအင်အားကြီးနိုင်ငံများနှင့် တန်းတူယှဉ်ပြိုင်နိုင်ရန် နီးစပ်နေပြီ ဟု ကျွမ်းကျင်သူများက ယူဆလျက်ရှိရာ စစ်ရေးပြပွဲအတွင်းတွင် အမေရိကန်ပြည်ထောင်စုသို့ မိနစ် ၃၀ အတွင်း ရောက်ရှိ နိုင်သော နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တစ်မျိုး အပါအဝင်အခြား အမြှောက်နှင့်ဒုံးလက်နက် နည်းပညာများတိုးတက်မှုကို ပြသသွားဖွယ် ရှိနေသည်။
29 Sep 2019
တရုတ်နိုင်ငံသည် လာမည့်အင်္ဂါနေ့ (အောက်တိုဘာ ၁) တွင် စစ်ရေးပြပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ရန် ရှိနေသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် တရုတ်ကွန်မြူနစ်ပါတီ အာဏာရရှိခြင်း နှစ်ပေါင်း ၇၀ ပြည့်မြောက် သည့်နေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်မည့် အဆိုပါစစ်ရေးပြပွဲတွင် တရုတ်နိုင်ငံ၏ ဒုံးလက်နက်နည်းပညာများ အလျှင်အမြန် တိုးတက်လာမှုကို ပြသသွားဖွယ်ရှိနေရာ အမေရိကန်နှင့်အခြား ကမ္ဘာ့စစ်ရေးအင်အားကြီးနိုင်ငံများအတွက် အာရုံစိုက်စရာဖြစ်လျက်ရှိသည်။
တရုတ်တို့၏ စစ်လက်နက်နည်းပညာမှာ အမေရိကန်နှင့်အခြားအင်အားကြီးနိုင်ငံများနှင့် တန်းတူယှဉ်ပြိုင်နိုင်ရန် နီးစပ်နေပြီ ဟု ကျွမ်းကျင်သူများက ယူဆလျက်ရှိရာ စစ်ရေးပြပွဲအတွင်းတွင် အမေရိကန်ပြည်ထောင်စုသို့ မိနစ် ၃၀ အတွင်း ရောက်ရှိ နိုင်သော နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တစ်မျိုး အပါအဝင်အခြား အမြှောက်နှင့်ဒုံးလက်နက် နည်းပညာများတိုးတက်မှုကို ပြသသွားဖွယ် ရှိနေသည်။ စစ်ရေးပြပွဲအတွင်းတွင် တိုက်ချင်းပစ်ဒုံးကျည် ဒေါင်ဖန်း ၄၁ အပါအဝင် တရုတ်တို့၏ ကိုယ်ပိုင်လက်နက်အသစ်များကို ပြသသွားဖွယ်ရှိပြီး စက်ရုပ်ရေငုပ်သင်္ဘောနှင့် အသံထက်မြန်သော မောင်းသူမဲ့ လေယာဉ်တစ်မျိုးတို့ကိုလည်း ပြသသွားမည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ တရုတ်တို့၏ စစ်အင်အားပြသမည့် အစီအစဉ်သည် တိုင်ပေ၊ တောင်တရုတ်ပင်လယ်နှင့် အခြားအငြင်းပွား ပိုင်နက်များ အရေး၌ ဖိအားပေးနိုင်ရေးနှင့် ဒေသတွင်းလွှမ်းမိုးချယ်လှယ်နိုင်စွမ်းရှိသော စစ်အင်အားဖြင့် ဝါရှင်တန်ကို စိန်ခေါ်ရန်ဟူသော ပေကျင်း၏ ရည်ရွယ်ချက်ကို မီးမောင်းထိုးပြလျက်ရှိသည်။
ကမ္ဘာ့အကြီးဆုံးစစ်တပ်ဖြစ်သော တရုတ်တပ်မတော်သည် အမျိုးသားနှင့် အမျိုးသမီးစစ်သည်အင်အား ၂ သန်းခန့်ရှိပြီး အမေရိကန်ပြည်ထောင်စုပြီးနောက် ဒုတိယ အသုံးစရိတ်အများဆုံး တပ်မတော်လည်းဖြစ်သလို တိုက်လေယာဉ်များ၊ တရုတ်နိုင်ငံလုပ် ပထမဆုံးလေယာဉ်တင်သင်္ဘောနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကိုလည်း တည် ဆောက်လျက်ရှိသည်။
"အမေရိကန်စစ်တပ်အပါအဝင် စောင့်ကြည့်လေ့လာမယ့်သူ အတော်များများရှိနေပါတယ်။ အမေရိကန်စစ်တပ်ကဆိုရင် သူတို့လုပ်နေတာတွေက ကျွန်တော်တို့လုပ်တာတွေနဲ့ အတော်နီးစပ်နေပြီး စတင်စိုးရိမ်စရာ ဖြစ်နေပြီလို့တောင် ပြောပါတယ်" ဟု စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျု မှ ဆိုင်မွန်ဝေ့ဇ်မန်းက ပြောကြားသည်။
အင်္ဂါနေ့တွင် ပြုလုပ်မည့်စစ်ရေးပြပွဲတွင် စစ်သည်အင်အား ၁၅၀၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး လေယာဉ်အစီး ၁၆၀ ကျော်နှင့် စစ်လက်နက်ကိရိယာ ၅၈၀ ခန့်အထိ ပါဝင်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ချိုင်ကျိကျွမ် ကပြောကြားသည်။ လက်နက်အသစ်အဆန်း အများအပြားကို ပြသသွားမည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားပြီး ဒေါင်ဖန်း ၄၁ ဒုံးကျည်ပါဝင်မည်လားဟု သတင်းထောက်က မေးမြန်းသောအခါတွင်မူ "ကျေးဇူးပြုပြီးစောင့်သာကြည့်ပါ " ဟု၎င်းက ဖြေကြားခဲ့သည်။
ဒေါင်းဖန်း ၄၁ ဒုံးကျည်နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးသော် လည်း ၎င်းသည် မိုင်ပေါင်း ၉၄၀၀ (ကီလိုမီတာ ၁၅၀၀၀) အကွာအဝေးထိ ပစ်ခတ်နိုင်ပြီး ကမ္ဘာပေါ်တွင် အဝေးဆုံး ပစ်ခတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည် ဖြစ်လာဖွယ်ရှိနေသည်။
တရုတ်နိုင်ငံသည် မောင်းသူမဲ့လေယာဉ် ထုတ်လုပ်မှုတွင်လည်း အမေရိကန်ပြည်ထောင်စုနှင့်အတူ ထိပ်ဆုံးမှရပ်တည် လျက်ရှိသည်။
သို့ရာတွင် တရုတ်တပ်မတော်၏ အသုံးစရိတ်သည် ပြီးခဲ့သောနှစ်တွင် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅၀ ဘီလျံအထိရှိလာခဲ့ကာ ၁၉၉၄ ခုနှစ်က ၎င်း၏အသုံးစရိတ်နှင့် နှိုင်းယှဉ်လျှင် ၁၀ ဆခန့် မြင့်တက်လာခဲ့သည်။ သို့ရာတွင် စစ်သည်အင်အား ၁.၃ သန်းရှိသော အမေရိကန်ပြည်ထောင်စု၏ အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၅၀ ဘီလျံခန့်ရှိပြီး တရုတ်ထက် ၂ ဆခွဲခန့် များပြားလျက်ရှိနေသေးသည်။
စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသန အင်စတီကျု၏ ထုတ်ပြန်ချက်အရ နျူကလီးယားဒုံးကျည်ထိပ်ဖူး ပိုင်ဆိုင်မှုတွင် တရုတ်နိုင်ငံသည် နျူကလီးယားဒုံးကျည်ထိပ်ဖူး ၂၈၀ ခန့်ပိုင်ဆိုင်ပြီး ၆၄၅၀ ပိုင်ဆိုင်သောအမေရိကန်နှင့် ၆၈၅၀ ပိုင်ဆိုင်သောရုရှားတို့နှင့် ကွာဟချက်ကြီးမားလျက် ရှိနေသေးသည်။ တရုတ်နိုင်ငံအနေဖြင့် စိတ်ချရမှုရှိသော နျူကလီးယားအင်အား အဟန့်အတားတွင် အခြားနိုင်ငံကြီးများနှင့် ကွာဟမှုအနည်းဆုံးဖြစ်စေရန် ဆန္ဒရှိသော်လည်း ပဋိပက္ခများတွင် နျူကလီးယားလက်နက်ကို ပထမဆုံးအသုံးပြုသောနိုင်ငံ ဖြစ်လာမည်မဟုတ်ဟု တရုတ်အာဏာပိုင်များက ပြောကြားထားသည်။
မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံ၏ အလျှင်အမြန်တိုးတက်လာသော စစ်လက်နက်နည်းပညာများနှင့် စစ်အင်အား၊ ၎င်း၏ ဒေသတွင်း သြဇာလွှမ်းမိုးလိုမှု ရည်ရွယ်ချက်တို့ကြောင့် အောက်တိုဘာ ၁ ရက်နေ့စစ်ရေးပြပွဲမှာ အမေရိကန်အပါအဝင် ကမ္ဘာတဝန်းမှ အာရုံစိုက် စောင့်ကြည့်လေ့လာစရာ ဖြစ်လျှက်ရှိသည်။
မောင်ဖြိုး
ကိုးကား - Chinese parade a glimpse into military ambitions By JOE MCDONALD, ASSOCIATED PRESS