အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်တွင် အရပ်သား ၃၀ ခန့်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းရှိ တာလီဘန်တို့၏ မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများဟု ယူဆရသည့်နေရာများကို အမေရိကန်တို့ကလေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရသိရသည်။

By Foreign Desk 09 Oct 2019

အာဖဂန်ဘိန်းစိုက်ခင်းတစ်ခုအတွင်းတွေ့ရှိရသော အမေရိကန်စစ်သားများ / ဓာတ်ပုံ - Getty Images

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းရှိ တာလီဘန်တို့၏ မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများဟု ယူဆရသည့်နေရာများကို အမေရိကန်တို့ကလေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အနည်းဆုံး အရပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရသိရသည်။

၎င်းတို့အနေဖြင့် တာလီဘန်တို့အတွက် အဓိကရန်ပုံငွေရရှိရာရင်းမြစ်ဖြစ်သော မီသာဖီတမင်းဆေးပြားများ ချက်လုပ်ရာ ဓါတ်ခွဲခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်တို့က ထုတ်ပြန်ထားသည်။
သို့ရာတွင် မူးယစ်ဓါတ်ခွဲခန်းများနှင့် ဆက်စပ်အလုပ်သမားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဥပဒေနှင့် မညီညွတ်ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။

အမေရိကန်တပ်ဖွဲ့များသည် ဖာရာခရိုင်နှင့် နင်းမ်ရော့ဇ်ခရိုင်တို့တွင် မေလအတွင်းကပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများဟု ယူဆရသည့်နေရာပေါင်း ၆၀ ကျော်ကို တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ အမေရိကန်တို့က တိုက်ခိုက်ခဲ့သောနေရာများကို ကုလကိုယ်စားလှယ်တစ်ဦးက သွားရောက်ကာ ဒေသခံများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီးနောက် ကလေးငယ် ၁၄ ဦးအပါအဝင် သေဆုံးသူအရပ်သားပေါင်း အနည်းဆုံး ၃၀ ဦးခန့်ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု BBC သတင်းတွင်ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်တို့တိုက်ခိုက်ခဲ့သော နေရာများမှာ တာလီဘန်တို့၏ ထိန်းချုပ်မှုတစ်ခုတည်းအောက်တွင်သာ ရှိခြင်းမဟုတ်ဘဲ သာမန်ရာဇဝတ်ဂိုဏ်းများ ကြီးစိုးရာနေရာများလည်းပါဝင်နေသဖြင့် ယခုကဲ့သို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ နိုင်ငံတကာဥပဒေများအောက်ရှိ စစ်ရေးရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ကုလအစီရင်ခံစာတွင် ဖော်ပြထားသည်။

မူးယစ်ဆေးချက်လုပ်ရာဓါတ်ခွဲခန်းများဟု ယူဆရသောနေရာများတွင် အလုပ်လုပ်သူများမှာ တိုက်ခိုက်ရေးလုပ်ငန်း ဆောင်ရွက်ကြသူများမဟုတ်သဖြင့် တိုက်ခိုက်လာမည့်အရေးမှ ကာကွယ်သည်ဟု ခေါင်းစဉ်တပ်၍ မရကြောင်း ကုလသမဂ္ဂက ပြောကြားသည်။

အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးကမူ  အမေရိကန်တို့၏တိုက်ခိုက်မှုများသည် တာလီဘန်တို့၏ မီသာဖီတမင်းချက်လုပ်ရာနေရာများဟု သိရှိထားသောနေရာများကိုသာ အတိအကျတိုက်ခိုက်ခြင်း ဖြစ်ပြီး အရပ်သားများသေဆုံးမှုရှိခဲ့သည် ဆိုသည့်အချက်ကို ငြင်းဆိုထားသည်။

အမေရိကန်တို့သည် အာဖဂန်တို့၏ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁.၅ သန်းအထိတန်ဖိုးရှိသော ဘိန်းကုန်သွယ်ရေး ကို ချေမှုန်းနိုင်ရန် ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းတွင် ဘိန်းစိုက်ခင်းများနှင့် ဆက်စပ်မူးယစ်ဆေးထုတ်လုပ်ရာ  အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်သည့် တိုက်ပွဲများအတွက် ငွေကြေးများစွာအကုန်အကျခံသုံးစွဲခဲ့သည်။

သို့ရာတွင် သုတေသနရလဒ်များအရဆိုလျှင် အမေရိကန်တို့၏ ဒေါ်လာသန်းနှင့်ချီကုန်ကျသော အဆိုပါစစ်ဆင်ရေးများသည် တာလီဘန်တို့၏ မူးယစ်ဆေးကုန်သွယ်မှုအပေါ် မပြောပလောက်သော ထိခိုက်မှုသာရှိခဲ့ကြောင်း တွေ့ရှိထားရသည်။