ပြည်ပရောက်အာဖဂန်များ ဘဝနေထိုင်မှု မတိုးတက်သရွေ့ ပြည်တွင်းမှ အသစ်ထွက်ခွာခွင့် မပြုဟု တာလီဘန်တို့ ပြော

ပြည်ပတွင် ရောက်ရှိနေကြသော အာဖဂန်လူမျိုးများ၏ ဘဝနေထိုင်မှု မတိုးတက်သေးသရွေ့ နိုင်ငံတွင်းမှ ပြည်သူများအား ပြည်ပသို့ ထွက်ခွာခွင့် ပြုမည်မဟုတ်ကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

28 Feb 2022

ဓာတ်ပုံ - NDTV

DMG ၊ ဖေဖော်ဝါရီ ၂၈

ပြည်ပတွင် ရောက်ရှိနေကြသော အာဖဂန်လူမျိုးများ၏ ဘဝနေထိုင်မှု မတိုးတက်သေးသရွေ့ နိုင်ငံတွင်းမှ ပြည်သူများအား ပြည်ပသို့ ထွက်ခွာခွင့် ပြုမည်မဟုတ်ကြောင်း တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

နောင်တွင် ပြည်ပသို့ ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မိသားစုများ အနေဖြင့်လည်း ထွက်ခွာရန်အကြောင်းပြချက် ကောင်းကောင်း လိုအပ်မည်ဟု တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာမူဂျာဟစ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

အာဖဂန်တွင် အမေရိကန်တို့ ၂၀၂၁ ခုနှစ်တွင် တပ်များရုပ်သိမ်းပြီးနောက် တာလီဘန်တို့ တစ်နိုင်ငံလုံးကို သိမ်းပိုက်အပြီး ပြည်ပသို့ ထွက်ခွာသွားသော အာဖဂန်ပြည်သူအရေအတွက်သည် လက်ရှိအထိ ၁၂၀၀၀၀ ခန့်ရှိနေပြီဖြစ်သည်။

ကာတာနှင့် တူရကီတွင် ရောက်ရှိနေကြသော အာဖဂန်များသည် “လွန်စွာဆိုးဝါးသောအခြေအနေတွင် နေထိုင်နေရ” သည်ဟု သတင်းများကြားသိရကြောင်း တာလီဘန်ပြောခွင့်ရက ပြောကြားသည်။

“အစိုးရမှာ လူထုကိုကာကွယ်ပေးဖို့ တာဝန်ရှိတဲ့အတွက် ပြည်ပက သူတို့ရဲ့ ဘဝတွေ ဒုက္ခမရောက်စေရဘူး ဆိုတဲ့ အာမခံချက် မရသရွေ့ (အသစ်ထွက်ခွာခွင့်) ရပ်ဆိုင်းထားမှာပါ” ဟုလည်း သူက ပြောသည်။

အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက်တွင် တာလီဘန်တို့သည် ပြည်သူများအနေဖြင့် ပတ်စပို့နှင့် ဗီဇာရှိထားပါက လွတ်လွပ်စွာ သွားလာခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ခရီးသွားလာခွင့် စာရွက်စာတမ်းများ မရှိသူများကိုပါ တာလီဘန်တို့က ခွင့်ပြုပေးခဲ့သည်။ ၎င်းတို့ထဲမှ အများစုမှာ ပြီးခဲ့သော နှစ် ၂၀ အတွင်း အမေရိကန်နှင့် အနောက်အုပ်စု အဖွဲ့အစည်းများ၊ သံရုံးများနှင့် တွဲဘက် အလုပ်လုပ်ခဲ့ကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်သည်။

တာလီဘန်တို့အနေဖြင့် ပြည်တွင်းမှ ထွက်ခွာမှုများကို အကန့်အသတ်မရှိ ခွင့်ပြုပေးမည်ဟု ဘယ်တုန်းကမျှ မပြောခဲ့ကြောင်း ဆိုသည်။

“အစောပိုင်းမှာတော့ အမေရိကန်တွေအနေနဲ့ သူတို့ စိတ်ပူတဲ့သူတွေကို ခေါ်ထုတ်သွားနိုင်တယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ..ဒါပေမဲ့ အမြဲတမ်း ခွင့်ပြုပေးထားမယ်လို့ ကတိပေးခဲ့တာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။