အာဖဂန်အမျိုးသမီးများ အမျိုးသားအဖော်မပါပဲ ခရီးဝေးသွားခွင့် တာလီဘန်များ ပိတ်ပင်

အာဖဂန်နစ္စတန်တွင် ခရီးဝေးသွားမည့် အမျိုးသမီးများအား ဆွေမျိုးရင်းချာ အမျိုးသားအဖော်မပါဘဲ ခရီးသွားလာခွင့် ပြုမည် မဟုတ်ကြောင်း တာလီဘန် အာဏာပိုင်များက ပြောကြားလိုက်သည်။

29 Dec 2021

ဓာတ်ပုံ - AFP

DMG ၊ ဒီဇင်ဘာ ၂၉

အာဖဂန်နစ္စတန်တွင် ခရီးဝေးသွားမည့် အမျိုးသမီးများအား ဆွေမျိုးရင်းချာ အမျိုးသားအဖော်မပါဘဲ ခရီးသွားလာခွင့် ပြုမည် မဟုတ်ကြောင်း တာလီဘန် အာဏာပိုင်များက ပြောကြားလိုက်သည်။

သီလမြှင့်တင်ရေးနှင့် ဒုစရိုက်မှု ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ လမ်းညွှန်ချက်၌ ယာဉ်ပိုင်ရှင်များကိုပါ ခေါင်းဆောင်း မပါသော အမျိုးသမီးများအား ပို့ဆောင်ပေးခြင်း မပြုရန် ဖိအားပေး တောင်းဆိုထားသည်။ အဆိုပါလုပ်ရပ်များကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ရှုတ်ချခြင်းကို ခံရလျက်ရှိသည်။

ထိုကဲ့သို့ တာလီဘန်များမှ ပြည်သူ့အခန်းကဏ္ဍများရှိ အမျိုးသမီးများအား လုပ်ငန်းခွင်ဝင်ရောက်ရန် တားမြစ်သည့်  ဖြစ်ရပ်များသည် တာလီဘန်များ  သြဂုတ်လ ၁၅ ရက် အာဏာသိမ်းခဲ့ချိန်မှ စတင်ဖြစ်ပေါ်လာခဲ့ပြီး ကျန်ရှိနေသေးသည့် မြောက်များစွာသော အမျိုးသမီးငယ်လေးများ အားလည်း အလယ်တန်းကျောင်းများ တက်ရောက်ခြင်းကို  ဖြတ်တောက်ခဲ့သည်။ 

သဘောထားတင်းမာသော အစ္စလာမ်မစ်များသည် အမေရိကန်တပ်များ နောက်ဆုံးအဆင့် ဆုတ်ခွာသွား၍ ယခင်အစိုးရပြိုလဲခဲ့ချိန်တွင် ရပ်ဆိုင်းလိုက်သော အကူအညီများ ပြန်လည်ရရှိနိုင်ရန်အတွက် နိုင်ငံတကာတွင် သင့်လျော်သောပုံရိပ်ကိုပြသရန် ကြိုးစားနေချိန်တွင် ထိုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၄၅ မိုင် သိုမဟုတ် ရ၂ ကီလိုမီတာ ထက်ပိုသော အမျိုးသမီး ခရီးသွားများသည် ဆွေမျိုးနီးစပ်သောအဖော် မပါရှိပါက လိုက်ပါစီးနင်းခွင့် ပြုမည်မဟုတ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆဒက်အကစ်မူဟာဂျာက AFP သို တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ အဆိုပါ အဖော်သည် ဆွေမျိုးရင်းချာ အမျိုးသားအဖော်ဖြစ်ရမည် ဟုလည်း အသေးစိတ် ပြောကြားခဲ့သည်။

ပြည်သူလူထုအား ၎င်းတို့၏ ယာဉ်များမောင်းနှင်ချိန်တွင် တေးသီချင်းများ နားမထောင်ရ ဆိုသည့် ထုတ်ပြန်ချက် အသစ်သည်လည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံလျက်ရှိသည်။

အာဖဂန် သီလမြှင့်တင်ရေးနှင့် ဒုစရိုက်မှု ကာကွယ်ရေး ဝန်ကြီးဌာနသည် တီဗီရုပ်သံလိုင်းများအား အမျိုးသမီး အနုပညာရှင်များ ပါဝင်ထားသည့် ရုပ်သံအစီအစဉ်များ ထုတ်လွှင့်ခြင်းကို ရပ်တန့်ရန် ညွန်ကြားထားသလို အမျိုးသမီး ရုပ်သံ သတင်းထောက်များကိုလည်း ရုပ်သံတင်ဆက်ချိန်တွင် ခေါင်းဆောင်းဆောင်းရန် ညွှန်ကြားထားသည်။

တာလီဘန်များသည် ၎င်းတို့၏ ၁၉၉၀ နှစ်များက တင်းကျပ်သော အမိန့်အာဏာများနှင့် ယှဉ်လျှင် ပို၍သင့်တော်သော စည်းကမ်းများ ချမှတ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်တွင် ကန့်သတ်မှုများစွာ ပြဌာန်းလျက်ရှိသည်။