- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တာလီဘန်များ၏ အကြမ်းဖက်တိုက်ခိုက်မည့်ခြိမ်းခြောက်မှုကြောင့် အာဖဂန်နစ္စတန်ရွေးကောက်ပွဲတွင် မဲပေးသူအရေအတွက် စံချိန်တင်ကျဆင်း
တာလီဘန်များက မဲရုံများကို တိုက်ခိုက်မည်ဟုခြိမ်းခြောက်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီနေ့ရက်တွင် ရွေးကောက်ပွဲ လှုံ့ဆော်ပွဲများကို ပစ်မှတ်ထားခဲ့ခြင်းတို့က ယခုကဲ့သို့ ဆန္ဒမဲပေးသူအရေအတွက် ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်သည်...
30 Sep 2019
တနင်္ဂနွေနေ့ကကျင်းပခဲ့သော အာဖဂန်နစ္စတန်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူအရေအတွက် စံချိန်တင်ကျဆင်းလျက်ရှိကြောင်း ကနဦးကောက်ယူရရှိသည့် ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
အာဖဂန်နစ္စတန်၏ လွတ်လပ်သောရွေးကောက်ပွဲကော်မရှင်မှ ကနဦးကောက်ယူရရှိသော အချက်အလက်များအရဆိုလျှင် မှတ်ပုံတင်ထားသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉.၆ သန်းအနက်မှ ၂၅ ရာခိုင်နှုန်းသာ ဆန္ဒမဲပေးဖွယ်ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
အကယ်၍ ထိုကိန်းဂဏန်းအတိုင်းသာ အတည်ပြုမည်ဆိုပါက ယခုရွေးကောက်ပွဲသည် အာဖဂန်နစ္စတန်တွင် ၂၀၀၄ ခုနှစ်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ေ သာရွေးကောက်ပွဲ ၃ ကြိမ်အနက် မဲပေးသူအရေအတွက် အနည်းဆုံးရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်သည်။
အာဖဂန်နစ္စတန်ရွေးကောက်ပွဲကို လက်နက်ကိုင်သူပုန်များ၏ ဗုံးခွဲတိုက်ခိုက်မှုများကြားမှ လုံခြုံရေးတင်းကျပ်စွာဖြင့် ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တာလီဘန်များက မဲရုံများကို တိုက်ခိုက်မည်ဟုခြိမ်းခြောက်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီနေ့ရက်တွင် ရွေးကောက်ပွဲ လှုံ့ဆော်ပွဲများကို ပစ်မှတ်ထားခဲ့ခြင်းတို့က ယခုကဲ့သို့ ဆန္ဒမဲပေးသူအရေအတွက်ကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု BBC က သုံးသပ်ဖော်ပြသည်။
အာဖဂန်နစ္စတန်နိုင်ငံတဝမ်းတွင် မဲဆန္ဒရှင်များကို အကာအကွယ်ပေးရန် လုံခြုံရေးအင်အား ၇၀၀၀၀ ကျော်ချထားခဲ့သော်လည်း မဲရုံများကို ဗုံးခွဲတိုက်ခိုက်မှု၊ စိန်ပြောင်းနှင့်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရရှိခဲ့သည်။
ယခုသမ္မတရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက် ၂ ဦးမှာ လက်ရှိသမ္မတ အာရှာရက်ဖ်ဂန်နီ နှင့် ၂၀၁၄ ခုနှစ်ကတည်းက အာဏာခွဲဝေရယူထားသော ဝန်ကြီးချုပ် အဗ္ဗဒူလာ တို့ဖြစ်ပြီး မည်သူပင်အနိုင်ရသည်ဖြစ်စေ ဆယ်စုနှစ် ၄ ခုကြာ အစိတ်စိတ်အမွှာမွှာပြိုကွဲလျက်ရှိကာ စစ်ပွဲများကြောင့် နှစ်စဉ် လူများထောင်၊သောင်းချီသေဆုံးလျက်ရှိသောတိုင်းပြည်ကို ဦးဆောင်ရမည်ဖြစ်သည်။
တိုင်းပြည်၏ဒေသအများအပြားမှာ တာလီဘန်များ၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်လျက်ရှိပြီး အစိုးရမှာ အာဏာအနည်းသာရှိသည်။
ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က တာလီဘန်တို့နှင့်ဆွေးနွေးမှု နိဂုံးချုပ်သွားပြီဟု ကြေညာလိုက်ပြီးနောက်ပိုင်းတွင် အမေရိကန်တို့နှင့်တာလီဘန်တို့ကြား ဆွေးနွေးညှိနှိုင်းမှုများမှာ ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် အမေရိကန်စစ်သည်အင်အား ၁၄၀၀၀ ခန့် အာဖဂန်နစ္စတန်တွင်ရှိနေပြီး အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးခြင်း၊ အကူအညီပေးခြင်း၊ အကြံဉာဏ်ပေးခြင်းများဆောင်ရွက်နေသည့် နေတိုးစစ်ဆင်ရေးတစ်ရပ်၏ ထောင်နှင့်ချီသောတပ်ဖွဲ့ဝင်များလည်းရှိနေသည်။