- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
အကျပ်အတည်းများ ပိုမိုကြီးထွားလာနေသော အာဖဂန်အတွက် အမေရိကန်က ဒေါ်လာ ၃၀၈ သန်း ကူညီမည်
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရသော အာဖဂန်နစ္စတန်နိုင်ငံအတွက် အမေရိကန်က ဒေါ်လာ ၃၀၈ သန်း ထပ်ဆောင်းကူညီမည်ဟု အင်္ဂါနေ့တွင် ကြေညာလိုက်သည်။ ယခု အကူအညီသည် တာလီဘန်တို့ အာဖဂန်ကို သိမ်းပိုက်အပြီး ငါးလနီးပါးအကြာ၌ အသစ် ပေးအပ်ခြင်းဖြစ်သည်။
17 Jan 2022
DMG ၊ ဇန်နဝါရီ ၁၇
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရသော အာဖဂန်နစ္စတန်နိုင်ငံအတွက် အမေရိကန်က ဒေါ်လာ ၃၀၈ သန်း ထပ်ဆောင်းကူညီမည်ဟု အင်္ဂါနေ့တွင် ကြေညာလိုက်သည်။ ယခု အကူအညီသည် တာလီဘန်တို့ အာဖဂန်ကို သိမ်းပိုက်အပြီး ငါးလနီးပါးအကြာ၌ အသစ် ပေးအပ်ခြင်းဖြစ်သည်။
အမေရိကန် အေဂျင်စီမှ ပေးအပ်သော နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများအား အမှီအခိုကင်းသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းများ မှတဆင့် ပေးအပ်သွားမည် ဖြစ်ပြီး ၎င်းကို နားခိုရာနေရာများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆောင်းရာသီ အကူအညီ၊ အရေးပေါ်အစားအစာ အကူအညီ၊ ရေ၊ မိလ္လာစနစ်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ဝန်ဆောင်မှုများ အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် အမျိူးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အမ်မလီဟွန်း က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားသည်။
ကာလရှည်ကြာ ဒုက္ခရောက်နေသော နိုင်ငံ၏စီးပွားရေးသည် တာလီဘန်များ အာဏာသိမ်းချိန်မှစ၍ ထိန်းမရ သိမ်းမရ အခြေအနေ၌ ရှိနေခဲ့သည်။ ယခင်အာဖဂန် နစ္စတန် အစိုးရဘတ်ဂျက်၏ ၈၀ ရာခိုင်နှုန်းသည် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ရရှိခြင်းဖြစ်ပြီး ယခုဖြတ်တောက်ခံလိုက်ရသော ထိုငွေကြေးများသည် ဆေးရုံများ၊ ကျောင်းများ၊ စက်ရုံများနှင့် အစိုးရ ဝန်ကြီးဌာနများကို ထောက်ပံ့ပေးခြင်းဖြစ်သည်။ အဆိုပါ အခြေခံလိုအပ်ချက်များ မရရှိမှုအတွက် စိတ်ပျက် အားငယ်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှု၊ မိုးခေါင်မှုနှင့် အာဟာရ ချို့တဲ့မှုတို့ကြောင့် ပိုမို ဆိုးဝါးလာခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် နိုင်ငံတကာကယ်ဆယ်ရေးကော်မတီမှ ပံ့ပိုးကူညီထားသော ရပ်ရွာကျန်းမာရေး ဝန်ထမ်းများသည် ခဟို့စ်နှင့် ဟီရတ် နယ်မြေများ၌ အာဟာရချို့တဲ့ခြင်းကို ပြင်းထန်စွာ ခံစားနေကြရသည့် ကလေးအရေအတွက် သိသိသာသာ တိုးလာသည်ကို တွေ့ရသည်ဟုဆိုသည်။ အာဖဂန်နစ္စတန်တွင် စားနပ်ရိက္ခာဈေးနှုန်းများသည် လွန်ခဲ့သောငါးနှစ်နှင့် နှိုင်းယှဉ်ပါက ခန့်မှန်းခြေ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းလည်း အဆိုပါ အဖွဲ့က ထုတ်ပြန်ခဲ့သည်။
“အခုကြုံနေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီး ဖြစ်ရတဲ့ အကြောင်းရင်းက ရှင်းပါတယ်၊ အာဖဂန်နစ္စတန်နိုင်ငံ ရင်ဆိုင်နေရတဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ဖြစ်ရတာပါ” ဟု IRC ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ဒေးဗစ် မီလီဘန်းက ပြောကြားသည်။
ဖြေရှင်းမှုပုံစံကို အပြောင်းအလဲလုပ်ရန် အတွက် အချိန်လွန်နေပြီဟုလည်း သူကဆိုသည်။
လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့များက ဒုက္ခရောက်နေသူများကို ကူညီရန် ကြိုးပမ်းနေစဉ် အတောအတွင်း အကူအညီပေးရေးလုပ်သားများ အားလုံး၊ အထူးသဖြင့် အမျိုးသမီးများကို လွတ်လပ်စွာ လုံခြုံစွာလုပ်ကိုင်ခွင့်ပြုရန် USAID က တောင်းဆိုခဲ့သည်။
အနှစ် ၂၀ ကြာ အာဖဂန်စစ်ပွဲ သြဂုတ်လတွင် ပြီးဆုံးခဲ့သည့်နောက်ပိုင်း အာဖဂန်နစ္စတန်အတွက် အမေရိကန်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီအသစ် ဒေါ်လာသန်း ရ၈၀ ကျော် ပေးအပ်ရန် ဘိုင်ဒန်အစိုးရအဖွဲ့က ကတိကဝတ် ပြုထားသည်။ အာဖဂန်နစ္စတန်ရှိ လူဦးရေ ၃၈ သန်း၏ ၂၂ ရာခိုင်နှုန်းသည် အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီး အခြား ၃၆ ရာခိုင်နှုန်းမှာ ပြင်းထန်သော စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက ပြောထားသည်။
ထိုအပြင် အမေရိကန်သည် အာဖဂန်နစ္စတန်နိုင်ငံသို့ နောက်ထပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်း ပေးပို့သွားမည်ဟု အိမ်ဖြူတော်က ကတိပြုခဲ့သည်။ အသစ်ပေးအပ်သည့် ဆေးအရေအတွက်ကိုပါ ထည့်ပေါင်းပါက မတည်မငြိမ်ဖြစ်နေသော ကပ်ရောဂါကို ကိုင်တွယ်ရန် ရုန်းကန်နေရသည့် အာဖဂန်နစ္စတန်သို့ အမေရိကန်ကပေးအပ်သည့် ကိုဗစ်ကာကွယ်ဆေးစုစုပေါင်း ၄.၃ သန်းရှိနေပြီဖြစ်သည်။