- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သမ္မတထရမ့် စွပ်စွဲပြစ်တင်ခံရမှု နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမိုင်း၌ မှတ်တမ်းတစ်ခုဝင်သွားခဲ့သည်။ မှတ်တမ်းကောင်းတစ်ခုတော့ မဟုတ်။ တတိယမြောက် စွပ်စွဲပြစ်တင်ခံရသည့် သမ္မတအဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။
20 Dec 2019
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၈) တွင် လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမိုင်း၌ မှတ်တမ်းတစ်ခုဝင်သွားခဲ့သည်။ မှတ်တမ်းကောင်းတစ်ခုတော့ မဟုတ်။ တတိယမြောက် စွပ်စွဲပြစ်တင်ခံရသည့် သမ္မတအဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။
ရီပက်ဗလစ်ကန်သမ္မတထရမ့်အား သမ္မတအာဏာ အလွဲသုံးစားပြုပြီး အခွန်ထမ်းပြည်သူများ၏ငွေကို အသုံးပြုကာ ၎င်း၏ နိုင်ငံရေးအကျိုးအမြတ်အတွက် သုံးစွဲမှုနှင့် ယူကရိန်းအရေးတွင် ၎င်း၏လုပ်ရပ်နှင့် ပတ်သက်ပြီး လွှတ်တော်၏စုံစမ်းစစ်ဆေးမှုကို ပိတ်ပင်တားဆီးမှုတို့ဖြင့် ဒီမိုကရက်တို့ ဦးဆောင်သော အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်ကာ စွပ်စွဲပြစ်တင်ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ၎င်း၏ အဓိကပြိုင်ဘက် ဒီမိုကရက်သမ္မတလောင်းလျာလည်း ဖြစ်၊ ဒုသမ္မတဟောင်းတစ်ဦးလည်းဖြစ်သူ ဂျိုးဘိုင်ဒင်ကို အကျင့်ပျက်လာဘ်စားမှုဖြင့် နာမည်ဖျက်နိုင်ရန်အတွက် ၎င်း၏ အမေရိကန်သမ္မတအာဏာကို အသုံးပြုကာ စုံစမ်းပေးရန် ယူကရိန်းနိုင်ငံအား တောင်းဆိုခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက်တွင် စွပ်စွဲပြစ်တင်ရန် စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
အောက်လွှတ်တော်က ထရမ့်ကို စွပ်စွဲပြစ်တင်ကြောင်း ဆုံးဖြတ်လိုက်သော်လည်း ၎င်းအနေနှင့်ရာထူးမှ ဖယ်ရှားခံရဦးမည်မဟုတ်ဘဲ အထက်လွှတ်တော်ကသာ ၎င်းကို ရာထူးမှဖယ်ရှားခြင်း ပြု၊မပြု ဆုံးဖြတ်သွားမည် ဖြစ်သည်။
အမေရိကန်အခြေခံဥပဒေအရ အောက်လွှတ်တော်မှ စွပ်စွဲပြစ်တင်ခြင်းကိုခံရသော သမ္မတတစ်ဦးသည် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရှိပြီး ၎င်းအား ရာထူးမှဖယ်ရှားခြင်း ပြု၊မပြု ဆိုသည်ကို အထက်လွှတ်တော် မှ ကြားနာစစ်ဆေးပြီး ဆုံးဖြတ်သွားရမည်ဖြစ်သည်။ အမေရိကန်သမိုင်းတွင် အောက်လွှတ်တော်၏ စွပ်စွဲပြစ်တင်ခြင်းကို ခံခဲ့ရဖူးသော သမ္မတနှစ်ဦးမှာ ဘီလ်ကလင်တန်နှင့် အန်ဒရူးဂျွန်ဆင်တို့ဖြစ်ကာ ၎င်းတို့နှစ်ဦးလုံးအား အထက်လွှတ်တော်မှ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
လက်ရှိ အထက်လွှတ်တော်တွင် ထရမ့်၏ရီပက်ဗလစ်ကန်ပါတီကသာ အမတ်နေရာအများစုကို ရရှိထားပြီး ကြားနာစစ်ဆေးမှုမှာ ရီပက်ဗလစ်ကန်တို့၏လက်ထဲတွင်သာ ရှိနေသည်။ သို့ရာတွင် အောက်လွှတ်တော်ဥက္ကဌ နန်ဆီပီလိုဆီက အထက်လွှတ်တော်၏ စုံစမ်းစစ်ဆေးဆုံးဖြတ်မှုအပေါ် တတ်နိုင်သမျှ လွှမ်းမိုးနိုင်ရန် ကြိုးစားလျက်ရှိသည်။
တစ်ဖက်တွင်လည်း ရီပက်ဗလစ်ကန်တို့သည် ဒီမိုကရက်တို့ဦးဆောင်သော အောက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ချိန်၌ ညီညွတ်မှုကိုပြသထားပြီး ထရမ့်ကို စွပ်စွဲပြစ်တင်ရန် တစ်ဦးတစ်ယောက်ကမျှ မဲပေးခဲ့ခြင်းမရှိပေ။ ထို့ပြင် လွှတ်တော်ပြင်ပတွင်လည်း ထရမ့်သည် ၎င်း၏ပါတီအတွင်း၌ လူအများ၏ ထောက်ခံမှုကို ရရှိနေဆဲဖြစ်သည်။
အခြေခံဥပဒေအရ သမ္မတအားစွပ်စွဲပြစ်တင်ရန်ဆိုလျှင် အထက်လွှတ်တော်၏ အဓိကအမတ်နေရာ ၃ ပုံ ၂ ပုံ၏မဲကို ရရှိရမည်ဖြစ်ရာ အထက်လွှတ်တော်အတွင်းရှိ ရီပက်ဗလစ်ကန်အမတ် ၅၃ ဦးအနက်မှ ၂၀ ဦးနှင့် ဒီမိုကရက်အမတ်အားလုံးက မဲပေးရန်လိုအပ်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် အထက်လွှတ်တော် ရီပတ်ဗလစ်ကန်အမတ်များထဲမှ ထရမ့်၏ ယူကရိန်းမူဝါဒအပေါ် စိုးရိမ်ပူပန်မှုရှိကြောင်း အတိုင်းအတာတစ်ခုထိ ပြသထားသူ ၁၄ ဦးရှိသည်။ သို့သော် ထရမ့်ကိုဆန့်ကျင်ကြောင်း တောက်လျှောက်ထုတ်ဖော် ပြောဆိုလေ့ရှိသူမှာမူ ၃ ဦးသာ ရှိသည်။ ထို့ပြင် အောက်လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်စဉ်၌ပင် စွပ်စွဲပြစ်တင်မှုကို ဆန့်ကျင်မဲပေးခဲ့သည့် ဒီမိုကရက်အမတ် ၂ ဦးခန့်ရှိခဲ့ရာ အထက်လွှတ်တော် အတွင်းမှ ဒီမိုကရက်အမတ်များအားလုံးက တစ်စိတ်တစ်ဝမ်းတည်းရှိရန်မှာလည်း မသေချာလှပေ။
ဤအချက်အလက်များအရ အထက်လွှတ်တော်ကြားနာစစ်ဆေးမှုမှ ထရမ့်တွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်သာ ထွက်ပေါ်လာရန် သေချာသလောက်ရှိနေသော်လည်း တရားမျှတပြီး မှန်ကန်သည့်ကြားနာ စစ်ဆေးမှု ဖြစ်စေရန်အတွက် အထက်လွှတ်တော်ခေါင်းဆောင်များကို ဖိအားပေးမည့် အထက်လွှတ်တော် အမတ်အရေအတွက်မှာမူ လုံလုံလောက်လောက် ရှိနေပါသေးသည်။
မောင်ဖြိုး
(ကိုးကား - Washington Post ၊ BBC)