ဥရောပတိုက်သားများ၏ ဂျူးဆန့်ကျင်ရေး အမြင်များ

ဥရောပသား ၄ ဦးလျှင် တစ်ဦးနှုန်းသည် ဆီမိုက်အနွယ်ဝင်များကို ဆန့်ကျင်သောအမြင် ရှိသူများဖြစ်ကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိရသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းအမြင်ရှိသူများသည် အနောက်နိုင်ငံများတွင် အပြောင်းအလဲ မရှိသော်လည်း အရှေ့ပိုင်းနိုင်ငံများတွင်မူ ပိုများလာနေသည်ဟု...

By Foreign Desk 22 Nov 2019

(ဓာတ်ပုံ - AP)

ဥရောပသား ၄ ဦးလျှင် တစ်ဦးနှုန်းသည် ဆီမိုက်အနွယ်ဝင်များကို ဆန့်ကျင်သောအမြင် ရှိသူများဖြစ်ကြကြောင်း စစ်တမ်းတစ်ရပ်အရ တွေ့ရှိရသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၎င်းအမြင်ရှိသူများသည် အနောက်နိုင်ငံများတွင် အပြောင်းအလဲမရှိသော်လည်း အရှေ့ပိုင်းနိုင်ငံများတွင်မူ ပိုများလာနေသည်ဟု အဆိုပါစစ်တမ်းက ဆိုသည်။

ဆီမိုက်အနွယ်ဝင်များတွင် ဂျူး၊ အာရပ်၊ ဖီးနီးရှန်း၊ အဆီးရီးယန်းတို့ ပါဝင်သော်လည်း နောက်ပိုင်းတွင် ဆီမိုက်ဟုဆိုလျှင် ဂျူးလူမျိုးများကိုသာ အဓိက ရည်ညွှန်းပြောဆိုကြခြင်း ဖြစ်သည်။

၎င်းစစ်တမ်းကို နယူးယောက်အခြေစိုက် အသရေဖျက်မှုဆန့်ကျင်ရေးအသင်းအတွက် ဥရောပ ၁၄ နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်တမ်းအရ ပိုလန်နိုင်ငံသည် ဂျူးဆန့်ကျင်ရေးအမြင်ရှိသူ ၄၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်သည်။ ၂၀၁၅ တွင်ပြုလုပ်ခဲ့သော စစ်တမ်း၌ ၃၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုစစ်တမ်းတွင် ပိုများလာခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံသည်လည်း ၂၀၁၆ တွင် ၃၂ ရာခိုင်နှုန်းရှိနေရာမှ ၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ဟန်ဂေရီတွင်မူ အပြောင်းအလဲ အနည်းငယ်ရှိခဲ့သော်လည်း ယခင် ၄၀ ရာခိုင်နှုန်းမှ ယခု ၄၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သည်။

အဆိုပါနိုင်ငံ၏ အစိုးရများကမူ ဂျူးဆန့်ကျင်သောသဘောထား ရှိကြောင်းစွပ်စွဲချက်ကို ငြင်းဆန်ခဲ့ကြသော်လည်း ဂျူးအဖွဲ့အစည်းများက မကြာသေးမီက ၎င်းတို့အား ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ဥပမာအားဖြင့် ယူကရိန်းတွင် ဒုတိယကမ္ဘာစစ်ကာလက နာဇီဘက် ရပ်တည်ခဲ့သည့် ယူကရိန်း အမျိုးသားရေးဝါဒီ တစ်ဦးအား ဂုဏ်ပြုမှုကို အစ္စရေးသံအမတ်က ပြတ်ပြတ်သားသား ဝေဖန်ခဲ့သည်။ ဟန်ဂေရီတွင် ဗစ်တာအော်ဘင်၏ အစိုးရအဖွဲ့သည် ဂျူးသန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်အား ဆန့်ကျင်မှုကြောင့် ဝေဖန်ခံနေရသည်။

(ဓာတ်ပုံ - AP)

ပိုလန်တွင်လည်း ၂၀၁၈ အစောပိုင်းကာလများတွင် ဂျူးဆန့်ကျင်ရေး အသုံးအနှုန်းများအား ရုပ်မြင်သံကြားတွင် အစိုးရအရာရှိများ သုံးနှုန်းပြောကြားကြသည်အထိ အကြီးအကျယ် ပြန့်နှံ့ခဲ့သည်။ ပိုလန်တွင် ဟောလိုးကော့စ် (ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် ဖြစ်စဉ်) မိန့်ခွန်းတစ်ချို့ ပြောကြားခွင့်ကို ပိတ်ပင်သည့်ဥပဒေအား ရှေးရိုးစွဲအမျိုးသားရေးဝါဒီ ပါတီက အတည်ပြုခဲ့သည်။

အနောက်ဥရောပ နိုင်ငံများ၏ ဂျူးဆန့်ကျင်ရေး အမြင်များသည် ယခင်စစ်တမ်းများက ကောက်ယူရရှိခဲ့သော ရာခိုင်နှုန်းအတိုင်း (သို့မဟုတ်) ကျဆင်းလာမှုများရှိသည်။ ဗြိတိန်၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ ဂျာမနီနှင့် သြစထရီးယား နိုင်ငံများတွင် ဂျူးဆန့်ကျင်ရေးအမြင်များ လျော့နည်းလာပြီး ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံများတွင်မူ အနည်းငယ် မြင့်တက်ခဲ့သည်။

၎င်းစစ်တမ်းများအား ၂၀၁၉ ဧပြီလ ၁၅ ရက်နှင့် ဇွန်လ ၃ ရက်နေ့ကြားတွင် ကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်း၏ ရလဒ်များသည် အကြမ်းဖက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းတော့ မရှိပေ။

စီးပွားရေးလုပ်ငန်းများတွင် ဂျူးလူမျိုးများ လွှမ်းမိုးမှုရှိသည်ဟု အရှေ့ဥရောပနိုင်ငံများတွင် လူအများအပြား လက်ခံထားကြသည်။ အနောက်ဥပရောပတွင်လည်း ဂျူးများသည် သူတို့နေထိုင်ရာ နိုင်ငံများထက် အစ္စရေးနိုင်ငံအား ပို၍ သစ္စာစောင့်သိကြသည်ဟု ယုံကြည်ကြသည်။

သြစထရီးယားနှင့် ဂျာမန်နိုင်ငံများတွင်လည်း ဂျူးများသည် ဟောလိုးကော့စ်အကြောင်းအား အလွန်အကျွံ ပြောဆိုကြသည်ဟု ယူဆသူသည် နိုင်ငံသားဦးရေ၏ ထက်ဝက်နီးပါးမျှရှိသည်။

(ဓာတ်ပုံ - AP)

၂၀၁၅ ခုနှစ်တည်းက အရှေ့အလယ်ပိုင်းမှ ဥရောပသို့ လှိမ့်ဝင်လာသော ရွှေ့ပြောင်းအခြေချနေထိုင်သူ တစ်သန်းကျော်နှင့်အတူ ဂျူးမုန်းတီးရေး စိတ်ဓာတ်များလည်း ပါဝင်လာနိုင်သည်ဟူသော အချက်ကြောင့် စစ်တမ်းကောက်ယူသူများသည် ဂျူးများအပေါ်ထားရှိသော မွတ်ဆလင်များ၏ အမြင်များကိုလည်း သုတေသန ပြုလုပ်ခဲ့ကြသည်။ အနောက်ဥရောပ ခြောက်နိုင်ငံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းစစ်တမ်းအရ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်နှင့် ဗြိတိန်နိုင်ငံများရှိ မွတ်ဆလင်များသည် တခြားနိုင်ငံများထက် ဂျူးဆန့်ကျင်ရေး ပိုမိုပြင်းထန်ကြကြောင်း တွေ့ရှိရသည်။ တစ်ပြိုင်တည်းတွင် သူတို့သည် ဂျူးများနှင့် ကူးလူးဆက်ဆံမှု ပိုများပြီး အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများရှိ မွတ်ဆလင်များထက် အစ္စရေးအပေါ် ပိုမိုကောင်းမွန်သောအမြင် ရှိနိုင်ခြေ ပိုများသည်ဟု စစ်တမ်းအရသိရသည်။

စောသန္တာအေး