မြန်မာအတွက် ပျော့ပျောင်းညင်သာသည့် ချဉ်းကပ်မှုတစ်ရပ် အာဆီယံအစည်းအဝေးက ပေးနိုင်မည်ဟု တရုတ်မျှော်လင့်

စနေနေ့ကျင်းပမည့် မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေးတွင် ပျော့ပျောင်းညင်သာသည့် လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်ဟု တရုတ်အစိုးရက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

23 Apr 2021

တရုတ်အစိုးရ အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ။ (ဓာတ်ပုံ - Reuters)

DMG ၊ ဧပြီ ၂၃

စနေနေ့ကျင်းပမည့် မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေးတွင် ပျော့ပျောင်းညင်သာသည့် လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်ဟု တရုတ်အစိုးရက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဧပြီလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

“မြန်မာ့အခြေအနေအတွက် ပျော့ပျောင်းညင်သာတဲ့ ချဉ်းကပ်မှုတစ်ရပ်ကို နားလည်သဘောပေါက်စေမယ့် ကောင်းမွန်တဲ့စတင်မှုတစ်ရပ်ဆီ ဒီအစည်းအဝေးကနေ ဦးဆောင်လမ်းကြောင်းချသွားနိုင်ဖို့ တရုတ်ဘက်က မျှော်လင့်ပါတယ်” ဟု တရုတ်အစိုးရ အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။

အာဆီယံခေါင်းဆောင်များကိုယ်တိုင် ဂျာကာတာတွင် စနေနေ့ တွေ့ဆုံကျင်းပမည့် အစည်းအဝေးသည် မြန်မာ့အကျပ်အတည်း ပြေလည်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်သည်။

အာရှဒေသ ပြင်ပမှ “မသင့်လျော်သည့် ကြားဝင်စွက်ဖက်မှု” ကို ရှောင်ကြဉ်သင့်ကြောင်းလည်း ဝမ်ယိ၏ ပြောစကားကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တစ်ရပ်တွင် ကိုးကား ထည့်သွင်းဖော်ပြထားသည်။

တရုတ်သည် အာဆီယံအဖွဲ့ဝင် မဟုတ်ပေ။ သို့သော်လည်း ASEAN Plus Three ပူးပေါင်းဆောင်ရွက်မှုတွင် ဂျပန်၊ တောင်ကိုရီးယားတို့နှင့်အတူ ပူးတွဲပါဝင်သည်။ စနေနေ့ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တရုတ် တက်ရောက်နိုင်ခြေ ရှိ မရှိကိုမူ လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အာဆီယံအဖွဲ့ကြီးသည် ပုံမှန်အားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လေ့ မရှိသလို ဆုံးဖြတ်ချက်များကိုလည်း အဖွဲ့ဝင်နိုင်ငံ အားလုံး၏ သဘောတူညီမှုဖြင့်သာ ချမှတ်သည့်အတွက် ယခုအစည်းအဝေးသည် အဖွဲ့အတွက် စိန်ခေါ်ချက်တစ်ရပ်လည်း ဖြစ်နေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားထားသည်။