နော်ဝေတွင် လေးနှင့်မြားကိုင်ဆောင်ထားသူ တစ်ဦး တိုက်ခိုက်မှုကြောင့် လူငါးဦး သေဆုံး

နော်ဝေနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့ညဉ့်က လေးနှင့်မြား ကိုင်ဆောင်ထားသူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူငါးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

14 Oct 2021

တိုက်ခိုက်မှုဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AFP)

နော်ဝေနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဟူးနေ့ညဉ့်က လေးနှင့်မြား ကိုင်ဆောင်ထားသူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူငါးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သံသယရှိသူအား ဖမ်းဆီးထားပြီဖြစ်ကြောင်း နော်ဝေရဲတပ်ဖွဲ့က ပြောကြားသည်။

ယခုတိုက်ခိုက်မှုသည် နော်ဝေနိုင်ငံ ကွန်းဘက်မြို့လယ်ရှိ နေရာအများအပြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုပြုလုပ်ရသည့် ရည်ရွယ်ချက်ကို မသိရသေးသော်လည်း အကြမ်းဖက်မှုနှင့်မသက်ဆိုင်ကြောင်း ပြော၍ မရသေးဟု အမည်မဖော်လိုသည့် ရဲတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း သေဆုံးသူ ငါးဦးရှိကြောင်း ရဲအရာရှိ အိုင်ဝင်အက်စ်က အတည်ပြုသည်။ ဒဏ်ရာရသူနှစ်ဦးကိုလည်း ဆေးရုံတွင် အထူးဂရုစိုက် ကုသပေးနေပြီး အသက်အန္တရာယ် စိုးရိမ်ရသော အနေအထားတွင် မရှိကြောင်း သူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါပြီ။ အချက်အလက်တွေ အရတော့ ကျူးလွန်သူက တစ်ဦးတည်းဖြစ်ပါတယ်” ဟု အိုင်ဝင်အက်စ်က ပြောသည်။

ကျူးလွန်သူသည် အသက် ၃၇ နှစ်အရွယ် ဒန်းနစ်ရှ်နိုင်ငံသားတစ်ဦး ဖြစ်ကာ ကွန်းဘက်မြို့တွင် နေထိုင်သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိထားသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ နေရာကို ရဲတပ်ဖွဲ့က ပိတ်ဆို့ပြီး ပြည်သူများကိုလည်း နေအိမ်တွင်း နေထိုင်ကြရန် တိုက်တွန်းထားသည်။ အဆိုပါနေရာတစ်ဝိုက်တွင် လူနာတင်ယာဉ်များနှင့် လက်နက်ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ဗုံးရှင်းလင်းရေး တပ်ဖွဲ့နှင့် ရဟတ်ယာဉ်တစ်စီးကိုလည်း တွေ့ရကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။