မြန်မာနိုင်ငံမှ ထွက်ခွာရန်ပြင်ဆင်နေသည့် သြစတြေးလျနိုင်ငံသား နှစ်ဦး ထိန်းသိမ်းခံရ

မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေသည့် သြစတြေးလျ နိုင်ငံသားနှစ်ဦးသည် သောကြာနေ့က ထိန်းသိမ်းခံလိုက်ရကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

22 Mar 2021

ဓာတ်ပုံ - news.com.au

DMG ၊ မတ် ၂၂

မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေသည့် သြစတြေးလျ နိုင်ငံသားနှစ်ဦးသည် သောကြာနေ့က ထိန်းသိမ်းခံလိုက်ရကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၎င်းတို့နှစ်ဦးသည် စီးပွားရေးအတိုင်ပင်ခံအဖြစ် လုပ်ကိုင်နေကြသူများဖြစ်ကြပြီး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ထွက်ခွာရန် ပြင်ဆင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ မက်သယူအိုကင်းနှင့် ခရစ္စတာ အေဗရီတို့ နှစ်ဦးအား ရန်ကုန်ရှိ ၎င်းတို့၏နေအိမ်တွင် ထိန်းသိမ်းထားကြောင်း news.com.au ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံလိုက်ရသူ သြစတြေးလျနိုင်ငံသား နှစ်ဦးအတွက် အကူအညီများ ဆက်သွယ်ဆောင်ရွက်နေကြောင်း သြစတြေးလျ ဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် အတည်ပြု ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ထိန်းသိမ်းခံထားရသော သြစတြေးလျနိုင်ငံသား သုံးဦးရှိသည်။ နောက်တစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး စီးပွားရေးပညာရှင် ရှောင်တာနဲလ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်သည်။