- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာပိုးကူးစက်ခံထားရသူ သုံးဦး စတင်တွေ့ရှိ
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပထမဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးတွေ့ရှိထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် သုတေသနအဖွဲ့ (IEDCR) က အတည်ပြုပြောကြားလိုက်သည်။ ။
08 Mar 2020
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပထမဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦးတွေ့ရှိထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် သုတေသနအဖွဲ့ (IEDCR) က အတည်ပြုပြောကြားလိုက်သည်။
ရောဂါပိုး စစ်ဆေးတွေ့ရှိထားသူသုံးဦးနှင့် အနီးကပ်ရှိနေခဲ့သူ နောက်သုံးဦးကိုလည်း သီးသန့်ခွဲကာ စောင့်ကြည့်နေကြောင်း IEDCR ဒါရိုက်တာ ဒေါက်တာမီရာဂျာဒီ ဆာဘရီနာဖလော်ရာက တနင်္ဂနွေနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကူးစက်ခံထားရသူ သုံးဦးလုံးမှာ အသက် ၂၀ နှင့် ၃၅ နှစ်ကြားအရွယ်များဖြစ်ပြီး ၎င်းတို့ထဲမှ နှစ်ဦးမှာ မကြာသေးမီကမှ အီတလီနိုင်ငံမှ ပြန်ရောက်လာသူများဖြစ်ကြောင်း Dhaka Tribune သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးလုံးသည် ဘင်္ဂလားဒေ့ရှ်သို့ မရောက်ခင်တည်းက ကူးစက်ခံထားရခြင်းဖြစ်ကြောင်း ဒေါက်တာမီရာဂျာဒီက ပြောကြားသည်။
၎င်းတို့နှစ်ဦးသည် နိုင်ငံတွင်းပြန်ရောက်ပြီးနောက် သူတို့၏ နေအိမ်များထံ အသီးသီးပြန်သွားကြသည်။ ထို့နောက်တွင်မှ အရေးပေါ်ဖုန်းနံပါတ်အား ဆက်သွယ်ကာ အစစ်ဆေးခံရန် အကြောင်းကြားခဲ့ကြခြင်းဖြစ်ပြီး နှစ်ဦးလုံးထံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
“သူတို့နှစ်ယောက်နဲ့ အနီးကပ်ရှိခဲ့သူတွေကို စုံစမ်းစစ်ဆေးရင်းနဲ့ တတိယမြောက်တစ်ယောက်ကို တွေ့ရတာ။” ဟု ဒေါက်တာမီရာဂျာဒီက ပြောကြားသည်။ ပြည်သူများအနေဖြင့် လက်ရှိအချိန်၌ အထိတ်တလန့်ဖြစ်ရန် မလိုကြောင်း၊ အစိုးရအနေဖြင့် လက်ရှိအခြေအနေအား ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ရကြောင်း သူက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတွင်းသို့ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်း မှ ဝင်ရောက်လာသူများအား ဇန်နဝါရီလ ၂၁ ရက်နေ့တည်းက စတင်စစ်ဆေးလျက်ရှိပြီး လူဦးရေ စုစုပေါင်း လေးသိန်းခွဲခန့် စစ်ဆေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့အထဲတွင် ရောဂါပိုးကူးစက်ခံထားရသူ တစ်ဦးမှ မတွေ့ခဲ့ရကြောင်း Dhaka Tribune သတင်းတွင်ဖော်ပြထားသည်။
မတ်လ ၄ ရက်နေ့မှစတင်ကာ အီတလီ၊ ပြင်သစ်၊ ဂျပန်နှင့် ကူဝိတ်နိုင်ငံတို့မှ ဝင်ရောက်လာသူများအား ရောဂါပိုးကင်းရှင်းကြောင်း သက်သေခံလက်မှတ် မပါလျှင် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း စည်းကမ်းထုတ်ပြန်ခဲ့သည်။
အီတလီသည် ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရသော နိုင်ငံများထဲတွင် ပါဝင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ မတ်လ ၈ ရက်နေ့ထုတ်ပြန်ချက်အရ အီတလီနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၈၈၃ ဦးရှိသည်။ သေဆုံးသူစုစုပေါင်းမှာ ၂၃၄ ဦးရှိသွားပြီဖြစ်သဖြင့် တရုတ်ပြီးလျှင် သေဆုံးမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည် တစ်သိန်းကျော်သွားပြီဖြစ်သလို သေဆုံးသူစုစုပေါင်းမှာ ၃၅၈၄ ဦးရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။ တရုတ်တစ်နိုင်ငံတည်း၌ သေဆုံးသူစုစုပေါင်းမှာ ၃၁၀၀ ရှိသည်။
ဆက်စပ်သတင်းများ -
■ ကိုရိုနာတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၈.၃ ဘီလျံ အမေရိကန်အစိုးရ သုံးမည်
■ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲဖို့ အသင့်ဖြစ်ပြီ
■ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု မည်မျှအထိ ဆိုးဝါးလာနိုင်သနည်း