ပစိဖိတ်ဒေသ အင်တာနက်ကေဘယ်လိုင်းများအရေး အမေရိကန်-တရုတ် တင်းမာမှုများလွန်ဆွဲ

ပစိဖိတ်ဒေသတွင် အင်တာနက်တပ်ဆင်ရေးသည် အမေရိကန်အစိုးရ၏ စီမံကိန်းတစ်ခုအဖြစ် အစပြုခဲ့ပြီး လက်ရှိအချိန်ထိလည်း အမေရိကန်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေဆဲဖြစ်သည်။ တရုတ်ကုမ္ပဏီများသည် ပင်လယ်ရေအောက် ကေဘယ်ကြိုးများ သွယ်တန်းပေးရာတွင် ပါဝင်လာခဲ့ရာ ပထဝီနိုင်ငံရေးသည် ပစိဖိတ်ကျွန်းဆွယ်တခွင်တွင် အင်တာနက်ကေဘယ်ကြိုးများ တပ်ဆင်ပေးမှုအတွက် ချမှတ်ရမည့် အဓိက ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုး သက်ရောက်လာသည်။

01 Nov 2021

ရေအောက်အင်တာနက် ကေဘယ်လိုင်းတစ်ခုအနီးမှ ရေငုပ်သင်္ဘောတစ်စီး ဖြတ်သန်းသွားသည်ကို တွေ့ရစဉ်။ (Policy Exchange)

DMG ၊ နိုဝင်ဘာ ၁

သင်သည် ဖီဂျီကျွန်း သို့မဟုတ် ဗန်နူအာတူရှိ အပန်းဖြေစခန်းတစ်ခုသို့ ကာလကြာရှည် စောင့်ဆိုင်းခဲ့ရသည့် အားလပ်ရက်အကြောင်း စုံစမ်းသည့် အီးမေးလ်ပို့ခဲ့သည် ဆိုပါက အဆိုပါအီးမေးလ်သည် သမုဒ္ဒရာ ကြမ်းပြင်အောက် အင်တာနက်ကေဘယ်တစ်ခု မှတစ်ဆင့် ဖြတ်သန်းရောက်ရှိသွားခြင်း ဖြစ်နိုင်သည်။ ရေအောက် အင်တာနက်ကေဘယ်ကြိုးများသည် မြေအောက်ဖိုင်ဘာကြိုး ဆက်သွယ်မှုများ၊ ဂြိုဟ်တုများနှင့် မိုက်ခရိုဝေ့ဗ် ချိတ်ဆက်မှုများဖြင့် စုစည်းကာ ကမ္ဘာတစ်ဝန်း အင်တာနက်ဆက်သွယ်မှု ကွန်ရက်ကို ဖြန့်ကျက်ထားခြင်းဖြစ်သည်။

ပစိဖိတ်ကျွန်းစုနိုင်ငံများအတွက် ပင်လယ်ရေအောက်အင်တာနက်ကေဘယ်ကြိုးများသည် အရေးပါနေရာ ထိုသို့ချိတ်ဆက်သည့် ပစိဖိတ်ကျွန်းနိုင်ငံ အရေအတွက်သည်လည်း ယခုနှစ်ပိုင်းတွင် သိသာစွာပင် အရှိန်အဟုန် ဖြင့်တိုးလာလျက်ရှိသည်။ ယင်းသို့တိုးလာသော်လည်း နိုင်ငံများစွာသည် ကေဘယ်လိုင်းတစ်လိုင်းတွင်သာ မှီခိုနေဆဲဖြစ်ပြီး အခြားသောနိုင်ငံများတွင်မူ ကေဘယ်ကြိုးနှင့်ပင် ဆက်သွယ်ထားခြင်းမရှိပေ။

ရေအောက်ကေဘယ်ကြိုး တစ်ကြိုးစီသည် အလင်းနှုန်းများကို အချက်ပြချက်များပေးပို့နိုင်သည့် ဆံချည်မျှင်အရွယ်ခန့်သာ အထူရှိသည့် ဖိုင်ဘာကြိုးကို ပလတ်စတစ်ဖြင့် ပြန်ပတ်ထားသည့်အကာနှင့် သတ္တုအကာလွှာများ ဖွဲ့စည်းထားသည့် ပန်းခြံရေဖြန်းပိုက်အရွယ်ခန့် အလျားရှိသည်။ ကမ္ဘာ့ ရေအောက်ကြမ်းပြင်များတွင် အပြန်အလှန် သွယ်ယှက်လိမ်ထားသည့် ရေငုပ်ကေဘယ်ကြိုးပေါင်း ၄၀၀ ကျော် ရှိပြီး ယင်းကြိုးများ၏ စုစုပေါင်းအလျားမှာ ကီလိုမီတာပေါင်း ၁.၃ သန်း ရှည်လျားသည်။

ပစိဖိတ်ဒေသတွင် အင်တာနက်တပ်ဆင်ရေးသည် အမေရိကန်အစိုးရ၏ စီမံကိန်းတစ်ခုအဖြစ် အစပြုခဲ့ပြီး လက်ရှိအချိန်ထိလည်း အမေရိကန်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေဆဲဖြစ်သည်။ တရုတ်ကုမ္ပဏီများသည် ပင်လယ်ရေအောက် ကေဘယ်ကြိုးများ သွယ်တန်းပေးရာတွင် ပါဝင်လာခဲ့ရာ ပထဝီနိုင်ငံရေးသည် ပစိဖိတ်ကျွန်းဆွယ်တခွင်တွင် အင်တာနက်ကေဘယ်ကြိုးများ တပ်ဆင်ပေးမှုအတွက် ချမှတ်ရမည့် အဓိက ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုး သက်ရောက်လာသည်။

ပစိဖိတ်ကျွန်းစုနိုင်ငံများသည် ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို တိုးတက်လိုသည့်ဆန္ဒ ထက်သန်လာသည့် အတွက် အလှူရှင်များသည်လည်း ကေဘယ်လိုင်းအသစ်များ ထပ်မံတိုးချဲ့ရန် ငွေကြေးပံ့ပိုးပေးလာကြသည်။

သြစတြေးလျသည် သန္တာပင်လယ်ရေအောက်ကေဘယ်စနစ်ကို ပါပူအာနယူးဂီနီနှင့် ဆော်လမွန်ကျွန်းစုများအတွက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ငွေကြေးပံ့ပိုးကာ စတင်အကောင်အထည်ဖော်ခဲ့သည်။ နယူးဇီလန်သည် မန်နာတူအာကေဘယ်လ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ကွတ်ကျွန်းစုအပိုင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပံ့ပိုးထောက်ပံ့ခဲ့သည်။ ထိုကေဘယ်သည် ကွတ်ကျွန်းစုတွင် အထိုင်ချတည်ဆောက် ထားခြင်းဖြစ်သည်။

သြစတြေးလျ၊ အမေရိကန်နှင့် ဂျပန်တို့သည် ပါလာအူအတွက် ဒုတိယမြောက် ကေဘယ်ကြိုး အသစ်တစ်ခု ထပ်မံတပ်ဆင်ပေးရန် စီစဉ်နေပြီး သြစတြေးလျသည် တီမောလက်စတေ၏ ပထမဆုံး ကေဘယ်ကြိုး လမ်းကြောင်းဆွဲရန် တိုင်းတာသုံးသပ်ချက်အတွက် လိုအပ်သည့်ရန်ပုံငွေထောက်ပံ့ခဲ့ သည်။

ကမ္ဘာတစ်ဝန်းရှိ ရေအောက်အင်တာနက် ကေဘယ်လိုင်းများ။ (ဓာတ်ပုံ - WikiCommons)

တရုတ်ကုမ္ပဏီများပိတ်သိမ်း

ပင်လယ်ရေအောက်ကြမ်းပြင် အင်တာနက်ကေဘယ်ကြိုး ချိတ်ဆက်မှုသည် ပထဝီနိုင်ငံရေးနှင့် ရောယှက်လာနေသည်။
ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ ငွေကြေးရန်ပုံငွေ ထောက်ပံ့ထားသည့် အရှေ့ပိုင်း မိုက်ခရိုနီးရှား ကေဘယ်အတွက် မကြာသေးခင်က တင်ဒါလုပ်ငန်းစဉ်တစ်ခုသည် အမေရိကန်မှ မိုက်ခရိုနီးရှား ဖက်ဒ ရယ်ပြည်ထောင်စု၊ နာအူယူနှင့် ကီရီဘက်တီတို့ကို “တရုတ်ကုမ္ပဏီ၏ ဈေးနှိမ်သည့်တင်ဒါတစ်ခု” ကြောင့် လုံခြုံရေးခြိမ်းခြောက်မှုများနှင့် စပ်ဆက်ပြီး သတိပေးချက်ရရှိခဲ့သည်။ ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများကြောင့် တင်ဒါသုံးခုစလုံးကို တရားမဝင်ကြောင်း ကြေညာမည့် ဆုံးဖြတ်ချက်တစ်ခုချမှတ် စေခဲ့သည်။

ထိုအချိန်မှစပြီး နာအူယူတွင် ဆော်လမွန်ကျွန်းစုနှင့်ချိတ်ဆက်မည့် ကေဘယ်လမ်းကြောင်း (သြစတြေးလျအထိ ရောက်ရှိနိုင်သည့် အင်တာနက်လမ်းကြောင်း ရရှိနိုင်သည့် လမ်းကြောင်း) တစ်ခု တည်ဆောက်ရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။ ဖြစ်နိုင်ချေတစ်ခုအရ အမေရိကန်သည် အဆိုပါ မူလစီစဉ်ထားသည့် လမ်းကြောင်းကိုပင် ကေဘယ်တစ်ခုသွယ်တန်းပေးရန် ငွေကြေး ထောက်ပံ့ ပေးနိုင်ခြင်းဖြစ်သည်။

ဆော်လမွန်ကျွန်းစုနိုင်ငံအစိုးရသည် ကနဦးကတရုတ်ကုမ္ပဏီတစ်ခုကို သြစတြေးလျ အထိသွယ်တန်းမည့် ကေဘယ်ကြိုးတစ်ကြိုး တည်ဆောက်ပေးရေး စီစဉ်ထားရှိကြောင်း သိရသော်လည်း သြစတြေးလျ အစိုးရ သည် ရန်ပုံငွေထောက်ပံ့မှုတွင် ထိုစီမံကိန်းအစားထိုး ဝင်ရောက်လာသည်။ ထိုဖြစ်စဉ်ကြောင့် ဆော်လမွန်နှင့် စီမံကိန်းအတွက် စာချုပ်ထားသည့် “ဟွာဝေး ရေကြောင်းကွန်ရက်တပ်ဆင်မှုလုပ်ငန်း ပိတ်သိမ်း” ခြင်းဖြစ်လာခဲ့ရသည်။

လုံခြုံရေးစိုးရိမ်ရမှုများ

သြစတြေးလျနှင့် အခြားမိတ်ဖက်နိုင်ငံများသည် တရုတ်၏ အင်တာနက်ကေဘယ်ကြိုးများ သုံးစွဲခွင့် သို့မဟုတ် ထိန်းချုပ်ခွင့်ရရှိနိုင်မည့် အန္တရာယ်များကို စိုးရိမ်မှုများရှိနေသည်။ တရုတ်ကုမ္ပဏီဖြစ်သည့် ဟွာဝေးသည် ရေအောက်ကြမ်းပြင်တွင် ကေဘယ်ကြိုးများ စတင်တပ်ဆင်ခဲ့သည့်အချိန်တွင် ထိုစိုးရိမ်မှု ပိုတိုးလာခဲ့ရသည်။

ထိုင်ဝမ်သည်လည်း အလားတူပူပန်မှုများ ရှိနေသည်။ တရုတ်သည် ပြည်ပနိုင်ငံများကို ထောက်လှမ်းရန်နှင့် အချက်အလက်များခိုးယူရန် နည်းလမ်းတစ်ခုအနေဖြင့် ပစိတ်ဖိတ်ဒေသ ရေအောက်ကေဘယ် ကွန်ရက် ချိတ်ဆက်မည့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွင် ကျောထောက်နောက်ခံ ပြုနေကြောင်း ထိုင်ဝမ်က စွပ်စွဲခဲ့သည်။

ကေဘယ်လိုင်းသုံးခုဖျက်သိမ်းရခြင်း၏ နောက်ကွယ်တွင် အလားတူစိုးရိမ်မှုများလည်းရှိနေသည်။ ဖေ့စ်ဘုတ်နှင့် ဂူဂဲလ်တို့သည်လည်း ဖျက်သိမ်းရေးအဆိုကို နောက်ကွယ်တွင် အားပေးသည့် လုပ်ငန်းများ တွင် အပါအဝင်ဖြစ်သည်။ နိုင်ငံရေးအခင်းအကျင်းတွင် ဟောင်ကောင်၏ တရားခံလွှဲပြောင်း ခွင့်ဥပဒေနှင့် အခြား ပြင်ဆင်ချက်များ စတင်လိုက်သည့်အချိန်တွင် ထိုစီမံကိန်းများ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင်-အမေရိကတိုက် ကေဘယ်အစီအစဉ်လည်း ဖျက်သိမ်းခဲ့ရသည်။ ပစိဖိတ်ကေဘယ်လ်အတွက် ဟောင်ကောင်ချိတ်ဆက်မည့်အစီအစဉ်လည်း ပျက်သွားရပြီး Bay-to-Bay Express အစီအစဉ်လည်း ရပ်နားခဲ့ရသည်။

အမေရိကန်နှင့် ဟောင်ကောင်တို့ တိုက်ရိုက် ကေဘယ်လ်ကြိုးဖြင့် ဆက်သွယ်ခြင်းသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် ဥပဒေစိုးမိုးမှုအတွက် လက်မခံနိုင်သည့် အန္တရာယ်ဖြစ်လာနိုင်ခြေကို ၎င်းတို့စိုးရိမ်ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ရှင်းလင်းပြသည်။

အမေရိကန်သည် ဟွာဝေးနှင့် အခြားတရုတ်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ဟွာဝေး သည် ထောက်လှမ်းခြင်းနှင့် တရုတ်အစိုးရနှင့် အဆက်အစပ်ရှိသည်ဟူသော စွပ်စွဲမှုများကို ကြိမ်ဖန်များစွာ ငြင်းချက်ထုတ်ခဲ့သည်။ ၎င်းတို့ကို စစ်ဆေးနိုင်ကြောင်းလည်း ဆိုသည်။

ယခုနှစ်သြဂုတ်လတွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီ ချိုင်းနားမိုဘိုင်းသည် ဖိလစ်ပိုင်နှင့်ချိတ်ဆက်ရန် ကေဘယ်ကြိုးတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုမှ ၎င်း၏ပိုင်ဆိုင်မှုကို ပြန်လည်ရောင်းချခဲ့သည်။ ထိုသို့ မဆောင်ရွက်လျှင် ကုမ္ပဏီအပေါ် အမေရိကန်ပိတ်ဆို့အရေးယူမှုကြောင့် ကေဘယ်စီမံကိန်း ဆက်လက်လုပ်ဆောင်ခြင်းမှာ ရပ်ဆိုင်းသွားမည်ဖြစ်သည်။

ရေအောက် အင်တာနက်ကေဘယ်လိုင်းတစ်လိုင်းအား အနီးကပ် တွေ့ရစဉ်။ (ဓာတ်ပုံ - AFP / Mint Images)

ပထဝီနိုင်ငံရေးသည် တစ်ခုတည်းသော ပူပန်စိုးရိမ်မှုမဟုတ်

မကြာသေးမီက ထုတ်ပြန်ထားသည့် ရေငုပ်သင်္ဘောကြေညာချက်နှင့် အခြားကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုတွင် သြစတြေးလျသည် မဟာဗျူဟာမြောက် ဆက်သွယ်ရေးလုပ်ငန်း အဆိုပြုချက်များ အကောင်အထည်ဖော်ရန် အခြားသောမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းလုပ် ဆောင်မည်ဖြစ်သည်။

ပုံမှန်အားဖြင့် အင်တာနက်ဆက်သွယ်မှုများအစီအမံများသည် လက်ခံမည့်နိုင်ငံနှင့် ၎င်းတို့နိုင်ငံသားများ၏ လိုလားချက်များကို ဦးစားပေးဖြည့်ဆည်းပေးမည်ဖြစ်သည်။ အင်တာနက်အခြေခံ အဆောက်အဦ သစ် တည်ဆောက်မည့်စီမံကိန်းတွင် တည်ဆောက်ရေးနှင့် လည်ပတ်ရေးအတွက် ပတ်ဝန်း ကျင်အကျိုးသက်ရောက်မှု များကိုလည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။
သို့သော်လည်း လက်ရှိအခင်းအကျင်းတွင် ပထဝီနိုင်ငံရေး အခြေအနေကို ထည့်သွင်းစဉ်းစားမှုသည် မူဝါဒရေးရာဆုံးဖြတ်ချက်ချရာတွင် များစွာအလေးသာ နေပုံရသည်။

အမေရိကန်ပြည်ထောင်စုသည် အင်တာကွန်ရက်ချိတ်ဆက်မှုစနစ်ကို လွှမ်းမိုးချုပ်ကိုင်ထားပြီး ပစိဖိတ်ဒေသနှင့် အခြားနေရာများတွင် အင်တာနက်ကေဘယ်တပ်ဆင်ခြင်းများကိုလည်း အလားတူပင် ထိန်းချုပ်ထားသည်။

ယခုဖြစ်စဉ်ကြောင့် ပစိဖိတ်ကျွန်းစုနိုင်ငံသားများအတွက် မည်သို့သက်ရောက်မည်ကို စောင့်ကြည့် ရမည်ဖြစ်သည်။ သမားရိုးကျ မိတ်ဟောင်းများသည် ဒေသခံခေါင်းဆောင်များနှင့် သူတို့၏ လိုလား ချက်များကို ထုတ်ဖော်ကာ တိုင်ပင်ဆွေးနွေးမည်ဆိုပါက အဆင်ပြေသွားမည်သာဖြစ်သည်။ ပထဝီနိုင်ငံ ရေးတင်းမာမှုများကြောင့် ပစိဖိတ်ဒေသတွင် အင်တာနက်သုံးစွဲခွင့်ကို ပြန်လည်ရပ်တန့်သွားစေမည် လောဟူသည့်အဖြေ ကိုမူ အချိန်က ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။

မေမိုး

ASIA TIMES တွင်ဖော်ပြထားသည့် ‘US-China tensions tug at Pacific internet cables’ by Amanda Watson ကို မြန်မာဘာသာပြန်ဆိုပါသည်။ မူရင်းဆောင်းပါးရှင် Amanda H A Watson သည် သြစတြေးလျ အမျိုးသားတက္ကသိုလ်၏ ပစိဖိတ်ရေးရာဌာန သုတေသီတစ်ဦး ဖြစ်သည်။