တရုတ်၊ ရုရှားနှင့် အီရန်တို့ အိုမန်ပင်လယ်ကွေ့တွင် ပူးတွဲစစ်ရေးလေ့ကျင့်

အိုမန်ပင်လယ်ကွေ့သည် အမေရိကန်နှင့် အီရန်တို့ကြား လက်တလောစီးပွားရေးအရ သဘောထားကွဲလွဲမှုများရှိနေသော အရေးပါသည့်နေရာဖြစ်သည်။ ထို့ပြင် ရေနံတင်သင်္ဘောနှစ်စီးကို ရေလက်ကြားအတွင်း မည်သည့်ဘက်တော်သားမှန်း မဖော်ထုတ်နိုင်ခြင်းမရှိသော အဖွဲ့များက တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ပထဝီဝင်နိုင်ငံရေးအရ တင်းမာမှုများရှိနေသည့် 

By Foreign Desk 28 Dec 2019

တရုတ်၊ ရုရှားနှင့် အီရန်တို့၏ ယခုပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ရန်စသောလုပ်ရပ်တစ်ခုအဖြစ် အမေရိကန်တို့က ရှုမြင်လျက်ရှိသည်။ (ဓာတ်ပုံ - CNN)

တရုတ်၊ ရုရှားနှင့် အီရန်တို့သည် အိုမန်ပင်လယ်ကွေ့တွင် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို သောကြာနေ့ (ဒီဇင်ဘာ ၂၇) မှစတင်ကာ ၄ ရက်ကြာပြုလုပ်သွားမည်ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

အိုမန်ပင်လယ်ကွေ့သည် အမေရိကန်နှင့် အီရန်တို့ကြား လက်တလောစီးပွားရေးအရ သဘောထားကွဲလွဲမှုများရှိနေသော အရေးပါသည့်နေရာဖြစ်သည်။ ထို့ပြင် ရေနံတင်သင်္ဘောနှစ်စီးကို ရေလက်ကြားအတွင်း မည်သည့်ဘက်တော်သားမှန်း မဖော်ထုတ်နိုင်ခြင်းမရှိသော အဖွဲ့များက တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်အတွင်း ပထဝီဝင်နိုင်ငံရေးအရ တင်းမာမှုများရှိနေသည့် ဗဟိုချက်တစ်ခုလည်းဖြစ်ခဲ့သည်။

ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရခြင်းတွင် အီရန်တို့ ပါဝင်ပတ်သက်နေသည်ဟု အမေရိကန်ဘက်စွပ်စွဲခဲ့သော်လည်း အီရန်အာဏာပိုင်များက စွပ်စွဲမှုများကို ငြင်းဆန်ခဲ့သည်။ ထို့နောက် ဇူလိုင်လအတွင်းတွင်လည်း ဗြိတိသျှရေနံတင်သင်္ဘောတစ်စီးကို အီရန်တို့က ၂ လကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သေးသည်။

ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုသည် ၃ နိုင်ငံစစ်တပ်များအကြား ပုံမှန်စစ်ရေးလေ့ကျင့်မှုတစ်ရပ်သာဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝူကျင့်က ပြောကြားသည်။ ထို့ပြင် ယခုလေ့ကျင့်မှုသည် လက်ရှိဒေသတွင်းအခြေအနေများနှင့် မည်သို့မျှ ပတ်သက်မှုမရှိကြောင်းလည်း ၎င်းကပြောကြားသည်။

ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကို အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနှင့် အိုမန်ပင်လယ်ပြင်တို့တွင်ပြုလုပ်သွားမည် ဖြစ်ကြောင်း အီရန်စစ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာ၊ ၂၅ ရက်နေ့ကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။

" အိန္ဒိယသမုဒ္ဒရာနဲ့ အိုမန်ပင်လယ်တို့ဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ရေလမ်းကြောင်းတွေဖြစ်ပြီး နိုင်ငံများစွာဟာ ဒီနေရာနှစ်ခုမှ ာကူးသန်းသွားလာလျက်ရှိပါတယ်။ ဒါကြောင့် ဒီနေရာဒေသတွေရဲ့ လုံခြုံရေးဟာ အလွန်တရာအရေးကြီးလှပါတယ် " ဟု ယင်းအရာရှိကပြောကြားခဲ့သည်။

အိုမန်ပင်လယ်ကွေ့သည် ဟောမျူဇ်ရေလက်ကြားနှင့်ဆက်လျက်ရှိပြီး ကမ္ဘာ့ရေနံစိမ်းတင်သင်္ဘောများ ကူးသန်းသွားလာမှု၏ ၃၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းလျက်ရှိသည်။

တရုတ်နှင့် အီရန်တို့က ပုံမှန်စစ်ရေးလေ့ကျင့်မှုသာဖြစ်သည်ဟု ပြောကြားထားသော်လည်း အမေရိကန်တို့ကမူ ယခုပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ရန်စသောလုပ်ရပ်တစ်ခုအဖြစ် ရှုမြင်လျက်ရှိသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အိုမန်ပင်လယ်ကွေ့ဒေသ၏ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ရန်အတွက် အမေရိကန်ဦးဆောင်သော ရေတပ်စစ်ဆင်ရေးတစ်ရပ် အိုမန်ပင်လယ်ကွေ့သို့စေလွှတ်ရန် ယခုနှစ်အစောပိုင်းက အကြံပြုခဲ့ဖူးသည်။