တရုတ်ပြည်ရှန်ဟဲတွင် ကိုဗစ်ကူးစက်မှုနှင့်အတူ သေဆုံးသူအရေအတွက်ပါ မြင့်တက်

တရုတ်ပြည် ရှန်ဟဲမြို့တွင် အင်္ဂါနေ့ အစောပိုင်း ၂၄ နာရီအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ရ ဦးရှိခဲ့ကြောင်း အာဏာပိုင်များက ယနေ့ (ဧပြီ ၁၉) ထုတ်ပြန်လိုက်သည်။ ရှေ့တစ်ရက်က ကိုဗစ်ကြောင့် ပထမဆုံး သေဆုံးသူ ၃ ဦးရှိကြောင်း ထုတ်ပြန်ချက်နောက်ပိုင်း၌ ယခုကဲ့သို့ သေဆုံးမှု မြင့်တက်လာခြင်း ဖြစ်သည်။

20 Apr 2022

ဓာတ်ပုံ - AFP

DMG ၊ ဧပြီ ၂၀

တရုတ်ပြည် ရှန်ဟဲမြို့တွင် အင်္ဂါနေ့ အစောပိုင်း ၂၄ နာရီအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ရ ဦးရှိခဲ့ကြောင်း အာဏာပိုင်များက ယနေ့ (ဧပြီ ၁၉) ထုတ်ပြန်လိုက်သည်။ ရှေ့တစ်ရက်က ကိုဗစ်ကြောင့် ပထမဆုံး သေဆုံးသူ ၃ ဦးရှိကြောင်း ထုတ်ပြန်ချက်နောက်ပိုင်း၌ ယခုကဲ့သို့ သေဆုံးမှု မြင့်တက်လာခြင်း ဖြစ်သည်။

မြို့နေလူထု ၂၅ သန်းခန့်ရှိသည့် ရှန်ဟဲကို မတ်လတည်းက လော့ဒေါင်းချထားပြီး နေ့စဉ်ကူးစက်မှုသည် ၂ သောင်းခွဲခန့်အထိ မြင့်တက်ခဲ့သည်။

ယခုထုတ်ပြန်သည့် သေဆုံးသူ ၇ ဦးသည် အသက် ၆၀ နှင့် ၁၀၁ အကြား သက်ကြီးပိုင်းများဖြစ်ပြီး အားလုံးသည် အခြားသော ကျန်းမာရေးအားနည်းချက်များ၊ နှလုံးရောဂါနှင့် ဆီးချိုသွေးချို ရောဂါအခံ ရှိထားသူများ ဖြစ်ကြောင်း ရှန်ဟဲကျန်းမာရေးကော်မရှင်က အင်္ဂါနေ့တွင် ပြောကြားသည်။

တရုတ်ပြည်၌ ကိုဗစ်ကူးစက်မှုများ တွေ့ရပါက အစိုးရသည် ကိုဗစ်သုည မူဝါဒဖြင့် တင်းကျပ်သည့် လော့ဒေါင်းစည်းကမ်းများဖြင့် တစ်မြို့လုံးကို ပိတ်ဆို့ကာ ကိုဗစ်စစ်ဆေးမှု၊ ကွာရန်တင်းသွင်းမှုများ ဆောင်ရွက်လေ့ရှိသည်။

သို့သော်လည်း သက်ကြီးဦးရေ များပြားသည့် တရုတ်တွင် ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းသည် နိမ့်ကျလျက်ရှိနိုင်ကြောင်း လေ့လာသူအချို့က သံသယရှိသည်။

ရှန်ဟဲတွင် အသက် ၆၀ နှင့်အထက် မြို့နေလူထုအနက် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားသူသည် သုံးပုံနှစ်ပုံအောက်သာ ရှိသလို ထပ်ဆောင်းအားဖြည့်ဆေး ထိုးနှံသူအရေအတွက်သည်လည်း ၄၀ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ဧပြီလ ၁၇ ရက်နေ့က ပြောကြားသည်။

သို့သော်လည်း အတည်မပြုနိုင်သည့် ဆိုရှယ်မီဒီယာပို့စ် အချို့က စာရင်းမပြနိုင်ဘဲ သေဆုံးသူများလည်း ရှိနေနိုင်ကြောင်း ရေးသားမှုများရှိသည်။ အဆိုပါ ပို့စ်များမှာ တင်ပြီးနာရီပိုင်းအတွင် ဖျက်ချခံခဲ့ရသည်။

ဟောင်ကောင်တွင်လည်း ပြီးခဲ့သော အိုမီခရွန်ကိုဗစ်မျိုးကွဲ ကူးစက်မှုများ စတင်တွေ့ရှိခဲ့ရသည့် ပြီးခဲ့သော ဇန်နဝါရီလမှ လက်ရှိအထိ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်သည် ၉ ထောင်နီးပါး ရှိနေပြီဖြစ်သည်။