တရုတ်သည် နိုင်ငံငယ်များအား ကြီးစိုးလွှမ်းမိုးခြင်းမလုပ်ဟု တရုတ်-အာဆီယံ ဆွေးနွေးပွဲတွင် ရှီကျင့်ဖျင်ပြော

တရုတ်အစိုးရသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံငယ်များအပေါ် “ဗိုလ်ကျ” မည်မဟုတ်ဟု တနင်္လာနေ့ကျင်းပသည့် ထိပ်သီးညီလာခံ၌ တရုတ်သမ္မတက အာဆီယံခေါင်းဆောင်များအား ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

22 Nov 2021

တရုတ်သမ္မတရှီကျင့်ဖျင်အား ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ‌‌နိုဝင်ဘာ ၂၂

တရုတ်အစိုးရသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံငယ်များအပေါ် “ဗိုလ်ကျ” မည်မဟုတ်ဟု တနင်္လာနေ့ကျင်းပသည့် ထိပ်သီးညီလာခံ၌ တရုတ်သမ္မတက အာဆီယံခေါင်းဆောင်များအား ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ် အရေးကြောင့် တင်းမာမှုများ မြင့်တက်နေချိန်၌ သမ္မတရှီကျင့်ဖျင်က ယခုကဲ့သို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ်တွင် အရှေ့တောင်အာရှ နိုင်ငံအများအပြားနှင့် ရေပြင်ပိုင်ဆိုင်မှု အငြင်းပွားမှုများ ရှိနေကာ အမေရိကန်နှင့် ဂျပန်တို့ကလည်း သတိဖြင့် စောင့်ကြည့်လျှက်ရှိကြသည်။

 “တရုတ်ဟာ ယခင်ကရော ယခုပါ အာဆီယံအတွက် အိမ်နီးချင်းကောင်း၊ သူငယ်ချင်းကောင်း၊ မိတ်ဖက်ကောင်းအဖြစ် ရှိနေသလို နောင်လည်း ဆက်ရှိနေမှာပါ” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာက ဖော်ပြသည်။

တရုတ်သည် နိုင်ငံငယ်များအား လွှမ်းမိုးရန်ကြိုးစားမည် မဟုတ်သလို အင်အားကြီးမားမှုကိုလည်း အခွင့်ကောင်းယူမည်မဟုတ်ဘဲ “စွက်ဖက်မှုများ” အား ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရှီကျင့်ဖျင်က ပြောကြားသည်။

တရုတ်သည် တောင်တရုတ်ပင်လယ်တွင်း ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများနှင့် နယ်မြေပိုင်ဆိုင်မှုကို ပြင်းပြင်းထန်ထန် အငြင်းပွားလျက်ရှိပြီး ဘရူနိုင်၊ ထိုင်ဝမ်နှင့် မလေးရှားနိုင်ငံများကလည်း အဆိုပါဧရိယာအတွင်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ကြောင်း ပြောကြားထားကြသည်။

ပြီးခဲ့သော ကြာပသတေးနေ့တွင် တရုတ်ကမ်းခြေစောင့် စစ်ရေယာဉ်များက ဖိလစ်ပိုင်စက်လှေများအား ရေပိုက်များဖြင့် ထိုးပက်ခဲ့မှုကို ဖိလစ်ပိုင်နိုင်ငံသည် အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ရှုတ်ချပြောကြားခဲ့သည်။

တရုတ်၏ လုပ်ရပ်များသည် အန္တရာယ်များပြီး ရန်စသည့် အပြုအမူများ ဖြစ်သလို တရားလွန်ကြောင်းလည်း အမေရိကန်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်စက်လှေများကို တိုက်ခိုက်မှုသည် အမေရိကန်-ဖိလစ်ပိုင် အပြန်အလှန်အကာအကွယ်ပေးရေး သဘောတူညီချက်များကို ဆွပေးရာရောက်နေသည်ဟုလည်း ပြောကြားခဲ့သည်။

တရုတ်-အာဆီယံ ဆက်ဆံရေး နှစ် (၃၀) ပြည့် ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၂ ရက်၊ တနင်္လာနေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက်ရှိပြီး မြန်မာမှ ကိုယ်စားလှယ် ပါဝင်ခြင်းမရှိကြောင်း သတင်းရင်းမြစ် နှစ်ခုထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။