ကိုဗစ်ကဲ့သို့ကပ်ရောဂါ ဖြစ်လာနိုင်ခြေရှိသော ဗိုင်းရပ်စ်သစ်တစ်မျိုး တရုတ်ပြည်တွင်တွေ့ရှိ

တရုတ်ပညာရှင်များသည် လူသားထံသို့ ကူးစက်ပြန့်ပွားနိုင်သော ဝက်တုပ်ကွေး အမျိုးအစားသစ်ကို တွေ့ရှိထားကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
လေ့လာသူများသည် ယခုတွေ့ရှိချက်အား သိပ္ပံစာစောင်တစ်ခုဖြစ်သည့် “Proceedings of the National Academy of Sciences” တွင် ရေးသားဖော်ပြခဲ့ကြခြင်း ဖြစ်သည်။

By Foreign Desk 01 Jul 2020

ပုံစာ - တရုတ်ပြည် ဟီဘေနှင့် ရှန်တုံဒေသရှိ ဝက်ခြံအလုပ်သမား ၁၀ ရာခိုင်နှုန်းထက်မနည်း ဂျီဖိုးဗိုင်းရပ်စ် ကူးစက်ခံထားရသည်။ (ဓာတ်ပုံ - Sciencemag)


တရုတ်ပညာရှင်များသည် လူသားထံသို့ ကူးစက်ပြန့်ပွားနိုင်သော ဝက်တုပ်ကွေး အမျိုးအစားသစ်ကို တွေ့ရှိထားကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
လေ့လာသူများသည် ယခုတွေ့ရှိချက်အား သိပ္ပံစာစောင်တစ်ခုဖြစ်သည့် “Proceedings of the National Academy of Sciences” တွင် ရေးသားဖော်ပြခဲ့ကြခြင်း ဖြစ်သည်။

ပညာရှင်များက ဂျီဖိုး (G4) ဗိုင်းရပ်စ်ဟုခေါ်ဆိုသော ပိုးအသစ်သည် ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သော H1N1 ဝက်တုပ်ကွေးရောဂါပိုးနှင့် အမျိုးအစားတူသည်။

ကမ္ဘာလုံးချီ ကူးစက်လာနိုင်သည့် ကပ်ရောဂါတစ်ရပ် ဖြစ်လာနိုင်ခြေရှိသည့် လက္ခဏာသွင်ပြင်များအားလုံးကို ဂျီဖိုးတွင် တွေ့ရှိရကြောင်း ပညာရှင်များ၏ လေ့လာချက်တွင် ဖော်ပြထားသည်။

တရုတ်ပညာရှင်များသည် ဂျီဖိုးဗိုင်းရပ်စ်ကို ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အတွင်း ဝက်များအား စောင့်ကြည့်လေ့လာရေး အစီအစဉ်တစ်ရပ် ဆောင်ရွက်စဉ် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ပညာရှင်များသည် တရုတ်ပြည် ဒေသ ၁၀ ခုရှိ သားသတ်ရုံများနှင့် တိရိစ္ဆာန်ဆေးရုံများရှိ ဝက်ကောင်ရေ ၃၀၀၀၀ ကျော်ထံမှ တစ်ရှူးစနမူနာများ ယူဆောင်ခဲ့ကြသည်။ ၎င်းနမူနာများအား စစ်ဆေးရာတွင် ဝက်တုပ်ကွေးဗိုင်းရပ်စ် ၁၇၉ မျိုးတွေ့ရှိခဲ့ရသည်။

ဗိုင်းရပ်စ်အများစုမှာ စိုးရိမ်ဖွယ်ရာမဟုတ်သလို တစ်နှစ်ပေါ်လာပြီး နောက်နှစ်များတွင် ထပ်မံ မတွေ့ရတော့သည်များ ရှိသည်။ သို့သော်လည်း ဂျီဖိုးဗိုင်းရပ်စ်ကို နှစ်တိုင်း စစ်ဆေးတွေ့ရှိရပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ဝက်များအကြား ကူးစက်မှု ပိုများလာကြောင်း ပညာရှင်များက ဆိုသည်။

ဂျီဖိုးဗိုင်းရပ်စ်သည် လူသားထံသို့လည်း ကူးစက်မှုရှိနေပြီ ဖြစ်သည်။ ဟီဘေနှင့် ရှန်တုံဒေသရှိ ဝက်ခြံအလုပ်သမား ၁၀ ရာခိုင်နှုန်းထက်မနည်း ဂျီဖိုးကူးစက်ခံထားရသည်ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စစ်ဆေးချက်များအရ တွေ့ရှိထားသည်။ လူလူချင်း ကူးစက်သည့် အထောက်အထားများတော့ မတွေ့ရှိရသေးပေ။

ယခုဗိုင်းရပ်စ်သည် အသစ်မဟုတ်ဘဲ ၂၀၁၆ ခုနှစ်တည်းက ဝက်များထံတွင် ကူးစက်နေသည်ကို တွေ့ရှိထားပြီးဖြစ်ကြောင်း ဝါရှင်တန်တက္ကသိုလ်၏ ဇီဝဗေဒပါမောက္ခ ကားလ်ဘာ့စတန်းက တွစ်တာပေါ်တွင် ရေးသားထားသည်။ ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင် လူအချင်းချင်း ကူးစက်သည့် လက္ခဏာများ မတွေ့ရှိရကြောင်း သူကဆိုသည်။

သုတေသီများကမူ ဗိုင်းရပ်စ်သည် ဝက်များအကြား ကူးစက်မှု မြင့်တက်လျှက်ရှိပြီး သတိထားစောင့်ကြည့်ခြင်း မရှိပါက လူကိုပါ အန္တရာယ်ဖြစ်လာနိုင်ခြေ ရှိကြောင်း သိပ္ပံစာစောင်တွင် ရေးသားထားသည်။

၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် H1N1 ဝက်တုပ်ကွေးရောဂါကြောင်း ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူစုစုပေါင်း ၁ သိန်းခွဲမှ ၅ သိန်းခွဲအထိ ရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုရှိ ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးဌာန (CDC) က ခန့်မှန်းတွက်ချက်ထားသည်။