တရုတ်နှင့် ရုရှားကြောင့် မြန်မာအပေါ် နိုင်ငံတကာက အရေးယူမရ ဖြစ်နေကြောင်း အီးယူ ထိပ်တန်းသံတမန်ပြော

ရုရှားနှင့် တရုတ်နိုင်ငံတို့က ဟန့်တားနေသဖြင့် မြန်မာစစ်တပ်အား နိုင်ငံတကာက တညီတညွတ်တည်း အရေးယူ၍ မရ ဖြစ်နေကြောင်း ဥရောပသမဂ္ဂ(အီးယူ)၏ ထိပ်တန်းသံတမန်တစ်ဦးက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ပါက အီးယူအနေဖြင့် စီးပွားရေးအကျိုးအမြတ်များ ပိုမိုကမ်းလှမ်းပေးနိုင်ကြောင်းလည်း သူက ပြောကြားသည်။

By Foreign Desk 20 Apr 2021

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘောရဲလ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဧပြီ ၂၀

ရုရှားနှင့် တရုတ်နိုင်ငံတို့က ဟန့်တားနေသဖြင့် မြန်မာစစ်တပ်အား နိုင်ငံတကာက တညီတညွတ်တည်း အရေးယူ၍ မရ ဖြစ်နေကြောင်း ဥရောပသမဂ္ဂ(အီးယူ)၏ ထိပ်တန်းသံတမန်တစ်ဦးက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ပါက အီးယူအနေဖြင့် စီးပွားရေးအကျိုးအမြတ်များ ပိုမိုကမ်းလှမ်းပေးနိုင်ကြောင်းလည်း သူက ပြောကြားသည်။

“လက်နက်ရောင်းချမှု တားဆီးရေးလိုမျိုး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အားထုတ်မှုတွေကို ရုရှားနဲ့ တရုတ်တို့က ပိတ်ဆို့ဟန့်တားနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး” ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘောရဲလ်က ဧပြီလ ၁၁ ရက်နေ့က ဘလော့စာမျက်နှာ တစ်ခု၌ ရေးသားလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံအတွင်း ပထဝီနိုင်ငံရေး အားပြိုင်မှုကြောင့် ဘုံသဘောတူညီချက် တစ်ခု ရရှိဖို့ရာ အလွန်ခက်ခဲနိုင်ပါတယ်” ဟု ဂျိုးဆက်ဘောရဲလ်က အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံကိုယ်စား ပြောကြားသည်။
“ဒါပေမဲ့ ကျွန်တော်တို့မှာ ကြိုးစားဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်” ဟုလည်း သူက ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့ ဖော်ဖော်ဝါရီလ ၁ ရက်နေ့က ဖြုတ်ချခံရပြီး နောက်ဆက်တွဲ ဆန္ဒဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုကြောင့် ကလေးသူငယ် ၄၆ ဦးအပါအဝင် သေဆုံးသူစုစုပေါင်း ရ၀၀ ကျော်သွားပြီဖြစ်ကြောင်း အေအေပီပီအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာစစ်တပ်က ကိုယ့်ပြည်သူတွေကိုကိုယ်  အကြမ်းဖက်နေတဲ့အပေါ် ကမ္ဘာကြီးက အလန့်တကြား စောင့်ကြည့်နေရတယ်” ဟုလည်း အီးယူသံတမန် ဂျိုးဆက်ဘောရဲလ်က ဆိုသည်။

တရုတ်နှင့် ရုရှား နှစ်နိုင်ငံလုံးသည် မြန်မာစစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေး ရှိထားပြီး မြန်မာနိုင်ငံသို့ လက်နက် အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံများလည်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၉ ဘီလျံရှိပြီး အီးယူ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ သန်း ရ၀၀ ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။