ပြည်ပနိုင်ငံများမှ ဝင်လာသော ပါဆယ်ပစ္စည်းများအား ပိုးသတ်ရန် တရုတ်အစိုးရ အမိန့်ထုတ်

ပြည်ပနိုင်ငံများမှ ပေးပို့လာသောပစ္စည်းများအား ပိုးသတ်ကြရန် တရုတ်နိုင်ငံရှိ စာပို့ဝန်ဆောင်မှုလုပ်ငန်း ဝန်ထမ်းများအား အာဏာပိုင်များက အမိန့်ညွှန်ကြားထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By DMG 19 Jan 2022

ဓာတ်ပုံ - AFP

DMG ၊ ဇန်နဝါရီ ၁၉

ပြည်ပနိုင်ငံများမှ ပေးပို့လာသောပစ္စည်းများအား ပိုးသတ်ကြရန် တရုတ်နိုင်ငံရှိ စာပို့ဝန်ဆောင်မှုလုပ်ငန်း ဝန်ထမ်းများအား အာဏာပိုင်များက အမိန့်ညွှန်ကြားထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပစ္စည်းမှာယူတင်သွင်းမှုသည် လတ်တလောဖြစ်ပျက်နေသည့် ကိုဗစ်ကူးစက်မှု၏ အဓိကအကြောင်းရင်း ဖြစ်နိုင်သဖြင့် ပြည်သူလူထု အနေဖြင့် ပြည်ပမှ ပစ္စည်းမှာယူမှုကို လျှော့ချကြရန်ပါ အာဏာပိုင်များက တိုက်တွန်းထားသည်ဟု သတင်းတွင် ဖော်ပြသည်။

ဘေကျင်းတွင် ပြီးခဲ့သောရက်ပိုင်းက ကိုဗစ်လူနာများနှင့် ဆက်စပ်မှုမရှိသည့် အမျိုးသမီးတစ်ဦးတွင်း ပိုးတွေ့ခဲ့ပြီး အဆိုပါပိုးသည် မြောက်အမေရိကတွင် ကူးစက်နေသည့် ကိုဗစ်မျိုးကွဲနှင့် ပုံစံတူနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိမှုနောက်ပိုင်း၌ တရုတ်အာဏာပိုင်များက ပြည်သူအချို့သည် နိုင်ငံခြားမှ ဝင်ရောက်လာသော ပစ္စည်းများမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း ပြီးခဲ့သော ရက်ပိုင်းက ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းသည် ပြီးခဲ့သော တနင်္လာနေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာမှ ပေးပို့လာသည့် ပစ္စည်းများအားလုံးကို အမြန်ဆုံး ပိုးသတ်ကြရန်နှင့် ပြည်ပမှစာများ၊ ပါဆယ်ထုပ်များကို ကိုင်တွယ်နေရသည့် ဝန်ထမ်းများအနေဖြင့်လည်း ကိုဗစ်ထပ်ဆောင်းအားဖြည့်ဆေး မဖြစ်မနေ ထိုးနှံကြရန် အဆိုပါကြေညာချက်၌ ဖော်ပြထားသည်။

ပြည်သူများအနေဖြင့်လည်း ကိုဗစ်ကူးစက်မှု အထူးမြင့်တက်နေသော ပြည်ပနိုင်ငံများနှင့် ဒေသများမှ ပစ္စည်းများ မှာယူခြင်းကို လျှော့ချကြရန် စာတိုက်လုပ်ငန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ပြည်သည် ကိုဗစ်ကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းရာ၌ ကူးစက်မှုလုံးဝမရှိရေးမူဖြင့် တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိသည်။

သို့သော်လည်း လတ်တလောတွင် ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပမည့် ဘေကျင်းမြို့တော် အပါအဝင် နိုင်ငံတွင်း နေရာအနှံ့အပြား၌ အသေးစားကူးစက်မှုများ ရင်ဆိုင်နေရသည်။