ကူး နှစ်သိန်းခွဲ၊ သေ တစ်သောင်း (ကိုရိုနာအရေး နောက်ဆုံးရ ကမ္ဘာ့သတင်းများ)

နဂိုကျန်းမာရေမကောင်းသူများ ထံတွင်မူ ပြင်းထန်သောရောဂါလက္ခဏာများ တွေ့ရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူဦးရေမှာ လက်ရှိအချိန်အထိ ၈၆,၀၀၀ နီးပါးရှိပြီး အများစုမှာ တရုတ်ပြည်မှဖြစ်သည်။

By Foreign Desk 20 Mar 2020

ဘရာဇီးတွင် မတ်လ ၁၈ ရက်နေ့က အစိုးရအဖွဲ့ဝန်ကြီးများ ကိုရိုနာအရေးသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ - AP)

ကမ္ဘာတစ်ဝန်း COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်းသည် သောကြာနေ့ နေ့လယ်အထိ ၂၄၄,၀၀၀ ရှိသွားပြီဖြစ်ကာ သေဆုံးသူဦးရေမှာ ၁၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဗိုင်းရပ်စ်ကြောင့် ဖျားနာသူအများစုမှာ သိသာထင်ရှားသော လက္ခဏာများ မတွေ့ရှိရပေ။ သို့သော်လည်း အသက်ကြီးသူများနှင့် နဂိုကျန်းမာရေမကောင်းသူများ ထံတွင်မူ ပြင်းထန်သောရောဂါလက္ခဏာများ တွေ့ရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူဦးရေမှာ လက်ရှိအချိန်အထိ ၈၆,၀၀၀ နီးပါးရှိပြီး အများစုမှာ တရုတ်ပြည်မှဖြစ်သည်။ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်တွေ့ရှိထားသော နိုင်ငံစုစုပေါင်း ၁၆၈ နိုင်ငံရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

သောကြာနေ့လယ်အထိ နောက်ဆုံးရသတင်းအချို့

■ အီတလီတွင် ကူးစက်မှု လေးသောင်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်းမှာ ၃၄၀၅ ဦးဖြင့် တရုတ်ပြည်၏ ကိုရိုနာလူနာသေဆုံးသူ အရေအတွက်ကို ကျော်သွားပြီဖြစ်သည်။

■ တရုတ်ပြည်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာအသစ် တစ်ဦးမှမတွေ့ရသည်မှာ နှစ်ရက်ဆက်တိုက်ရှိသွားပြီဖြစ်သည်။ နိုင်ငံတစ်ဝန်း တွေ့ရှိရသော လူနာအသစ် ၃၉ ဦးလုံးမှာ ပြည်ပနိုင်ငံမှ ဝင်လာသူများဖြစ်သည်။ တရုတ်ပြည်တွင် ရပ်ဆိုင်းထားသော စီးပွားရေးလုပ်ငန်းများအနက် ၈၀ ရာခိုင်နှုန်းအား ပြန်လည်စတင်နေပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို သတိပေးရန် ပထမဆုံးကြိုစားခဲ့သည့် တရုတ်ဆရာဝန်တစ်ဦးသည် ယင်းဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် သေဆုံးခဲ့သည်။ (ဓာတ်ပုံ - AP)

■ တောင်ကိုရီးယားနိုင်ငံတွင် ကူးစက်မှု ၈၆၀၀၊ သေဆုံးမှု ၉၄ ဦး ရှိသည်။ စတင်ဖြစ်ပွားစဉ်က ကူးစက်မှုတဟုန်ထိုး မြင့်တက်ခဲ့သော်လည်း နောက်ပိုင်းရက်များတွင် ကူးစက်မှုနှုန်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

■ သီရိလင်္ကာနိုင်ငံတွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုအား ထိန်းချုပ်ရန်အတွက် သောကြာနေ့ညမှ တနင်္လာနေ့ နံနက်အထိ တစ်နိုင်ငံလုံး အပြင်မထွက်ရအမိန့် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၉ ဦး တွေ့ရှိထားသည်။

(ဓာတ်ပုံ - AP)

■ သြစတြေးလျတွင် စာသင်ကျောင်း၊ ကုန်တိုက်၊ လုပ်ငန်းခွင်ကဲ့သို့သော နေရာများမှလွဲ၍ အခြား အရေးမကြီးသော ပွဲလမ်းသဘင်များအတွက် လူ ၁၀၀ ထက်ပိုမစုဝေးရန် တားမြန်မိန့်ထုတ်ပြန်ထားသည်။

■ အီရန်အပေါ် အမေရိကန်၏ပိတ်ဆို့မှုများအား ချက်ချင်းပယ်ဖျက်ပေးရေး တိုက်တွန်းပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား အီရန်နိုင်ငံက တောင်းဆိုလိုက်သည်။ အီရန်သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်နေသော်လည်း အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် ပစ္စည်းများ မတင်သွင်းနိုင်ဖြစ်နေရသည်။ အီရန်သည် ကိုရိုနာဒဏ် အဆိုးဆုံးခံစားနေရသော နိုင်ငံများထဲတွင် ပါဝင်သည်။ သေဆုံးသူ ၁၂၈၄ ဦးရှိပြီး ကိုရိုနာကြောင့် သေဆုံးမှု တတိယအများဆုံးနိုင်ငံ ဖြစ်သည်။

(ဓာတ်ပုံ - AP)

■ အမေရိကန်နိုင်ငံတစ်ဝန်း ကူးစက်မှု တစ်သောင်းကျော်၊ သေဆုံးသူ ၁၅၀ ရှိသွားပြီဖြစ်ကြောင်း အစိုးရ၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

■ မြောက်ကိုရီးယားနိုင်ငံတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို တားမြစ်ထားသည်။ တရုတ်နှင့် နယ်စပ်ဂိတ် အားလုံးနီးပါးကို ပိတ်လိုက်ပြီဖြစ်သည်။ အစောပိုင်းက နိုင်ငံခြားသား ၃၈၀ ဦးကို သီးသန့်ခွဲထားကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်၌ သီးသန့်စောင့်ကြည့်နေသူ နိုင်ငံခြားသား ၃ ဦးသာရှိတော့ကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန်သည်။ ရောဂါသံသယဖြင့် သီးသန့်ခွဲထားသော ပြည်သူ ၈၀၀၀ ကိုလည်း ရောဂါကင်းရှင်းသဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။

ဆက်စပ်ဖတ်ရှုရန် -
■ ပဋိပက္ခဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ ထိရောက်မည်မဟုတ်
■ ကမ္ဘာတလွှား ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်၊ တရုတ်မှာ အသစ်ကူးစက်နှုန်း မရှိသလောက်ထိုးကျ
■ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ