- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကမ္ဘာတလွှား ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်၊ တရုတ်မှာ အသစ်ကူးစက်နှုန်း မရှိသလောက်ထိုးကျ
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း တဟုန်ထိုးမြင့်တက်လာနေပေမယ့် တရုတ်အပါအဝင် အာရှနိုင်ငံတချို့မှာတော့ ကူးစက်နှုန်းဟာ သိသိသာသာလျော့ပါးလာနေပါတယ်။ ဒီအကြောင်း သတင်းဌာနတချို့မှာ ဖော်ပြထားတာတွေကို ကောက်နုတ်တင်ပြပေးပါမယ်။
13 Mar 2020
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်း တဟုန်ထိုးမြင့်တက်လာနေပေမယ့် တရုတ်အပါအဝင် အာရှနိုင်ငံတချို့မှာတော့ ကူးစက်နှုန်းဟာ သိသိသာသာလျော့ပါးလာနေပါတယ်။ ဒီအကြောင်း သတင်းဌာနတချို့မှာ ဖော်ပြထားတာတွေကို ကောက်နုတ်တင်ပြပေးပါမယ်။
ဒီဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလကနေ သုံးလဝန်းကျင်အတွင်း တရုတ်ပြည်တွင်းမှာ ကူးစက်မှု တဟုန်ထိုးမြင့်တက်ခဲ့ပြီး စုစုပေါင်း ၈၀,၀၀၀ ဝန်းကျင်အထိရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ မတ်လအရောက်မှာ တရုတ်ပြည်တွင်း ကူးစက်မှုဟာ သိသိသာသာ ကျဆင်းလာရာက အခုဆိုရင် မတ်လ ၁၂ ရက်နေ့မှာ အသစ်ကူးစက်သူ စုစုပေါင်း ၈ ဦးသာရှိကြောင်း တရုတ်တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ထားပါတယ်။ ရှေ့ပိုင်းကာလတွေမှာ နေ့စဉ် အသစ်ကူးစက်မှုနှုန်းဟာ ထောင်နဲ့ချီ ရှိခဲ့တာဖြစ်ပါတယ်။
တရုတ်နောက်က ကပ်လိုက်လာတာက တောင်ကိုရီးယားဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ပထမဆုံးကိုရိုနာလူနာရှင်ကို ၂၀၂၀ ဇန်နဝါရီ ၂၀ ရက်နေ့မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ ကူးစက်နှုန်းက တရိပ်ရိပ်မြင့်တက်လာပြီး ဖေဖော်ဝါရီ ၂၉ ဝန်းကျင်လောက်မှာ နေ့စဉ်ကူးစက်မှုနှုန်း ထောင်ဂဏန်းလောက်ထိ မြင့်တက်ခဲ့ပါတယ်။ မတ်လကနေစပြီး ကူးစက်မှုနှုန်း ကျဆင်းလာပါတယ်။ လက်ရှိအချိန်အထိတော့ ကူးစက်မှု ၈,၀၀၀ ဝန်းကျင်၊ သေဆုံးသူ ၇၀ ဝန်းကျင်ပါ။ လက်ရှိမှာ နေ့စဉ်အသစ်ကူးစက်မှုနှုန်းဟာ ၁၀၀ ဝန်းကျင်ပဲ ရှိပါတော့တယ်။
လက်ရှိမှာတော့ တရုတ်ကော တောင်ကိုရီးယားပါ ပြည်တွင်းအနေအထားကို ထိန်းသိမ်းထားနိုင်တဲ့အဆင့်မှာ ရှိပြီး နယ်စပ်နဲ့ ပြင်ပနိုင်ငံတွေက လူနာတွေ ပြန်မဝင်လာအောင် စစ်ဆေးနေရတဲ့အဆင့် ဖြစ်နေပါတယ်။
ဒီနေရာမှာ ထည့်ပြောစရာတစ်ခုရှိပါတယ်။ ကူးစက်မှုအရှိန်လျော့နည်းသွားတာဟာ ဗိုင်းရပ်စ်အားပျော့သွားလို့ မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဖြေရှင်းတဲ့ပုံစံကြောင့်သာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာဆိုရင် ရောဂါစတင်တွေ့ရှိရတဲ့ ဒယ်ဂုမြို့မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး ကူးစက်မှုကို ထိန်းချုပ်တဲ့ကျန်းမာရေးအစီအစဉ်တွေ တိုးမြှင့်လုပ်ကိုင်ခဲ့ပါတယ်။
တရုတ်ကတော့ ဖြစ်ပြီးဘယ်လောက်မှမကြာ ဝူဟန်အပါအဝင် မြို့ကြီးတော်တော်များများကို ပိတ်ဆို့ပြီး အဝင်အထွက်တွေ ထိန်းချုပ်လိုက်ပါတယ်။ ရက်ပိုင်းနဲ့အပြီး ဆေးရုံအသစ်ဆောက်လိုက်တဲ့ သတင်းဆိုရင် လူတွေ တအံ့တသြဖြစ်ကြရတဲ့အထိပါပဲ။ အစောပိုင်းမှာ ကျန်းမာရေးပစ္စည်းတွေ မလုံလောက်မှုဖြစ်ပေါ်ခဲ့တဲ့ တရုတ်ဟာ အခုတော့ အီတလီ၊ အီရန်၊ တောင်ကိုရီးယားလိုနိုင်ငံတွေကို ကျန်းမာရေးပစ္စည်းတွေ၊ ဆေးဝါးတွေ အပြန်လှူဒါန်း ထောက်ပံ့နေပါပြီ။
ဒီနိုင်ငံတွေနဲ့ ပြောင်းပြန်ပါပဲ။ အနောက်နိုင်ငံတွေမှာတော့ ကူးစက်နှုန်းဟာ မြင့်တက်လာနေပါတယ်။ အီတလီ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ ယူကေ အစရှိတဲ့နိုင်ငံတွေဟာ ကူးစက်နှုန်းအမြင့်ဆုံးဖြစ်နေပါတယ်။ အီတလီမှာ ကူးစက်မှုမြင့်တက်လာနေပြီး ၁၅,၀၀၀ ဝန်းကျင်ရှိနေပါပြီ။ သေဆုံးသူက ၁၀၀၀ ဝန်းကျင်ပါ။ အမေရိကန်မှာလည်း အစောပိုင်းက ထရမ့်အစိုးရက လျှော့ပေါ့ပြောဆိုနေရာက အခု ဖေဖော်ဝါရီလကုန်ပိုင်းကနေစပြီး ကူးစက်မှု တောက်လျှောက်မြင့်တက်လာနေတာ အခု ၁,၅၀၀ ဝန်းကျင်အထိ ရောက်နေပါပြီ။
အီတလီကတော့ တရုတ်နမူနာအတိုင်း ရောဂါကူးစက်မှုနှုန်းမြင့်တက်လာနေတဲ့ နိုင်ငံမြောက်ပိုင်းက မြို့တွေကို အဝင်အထွက် ပိတ်လိုက်သလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း ခရီးသွားလာခွင့်တွေ ကန့်သတ်လိုက်ပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာတော့ အီရန်ဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာရှိပါတယ်။ အီရန်မှာ ၂၀၂၀ ဖေဖော်ဝါရီ လလယ်လောက်က ဗိုင်းရပ်စ်စတွေ့တာပါ။ စတွေ့ချိန်ကနေ ခုချိန်ထိ ကူးစက်မှုနှုန်းဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။ မတ်လ ၁၂ ရက်နေ့အထိ ကူးစက်သူ ၁၀၀၀၀ ဝန်းကျင်၊ သေဆုံးသူ ၄၀၀ ကျော်ရှိပါတယ်။
ဒီရက်ပိုင်း အထင်ကရ ဖြစ်ရပ်တွေကို ပြောရရင်တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ဟာ ကမ္ဘာ့ကပ်ရောဂါအဆင့်ကို ရောက်ရှိလာပြီလို့ မတ်လ ၁၁ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။
မင်းသားကြီးတွမ်ဟန့်တို့ဇနီးမောင်နှံဟာ သြစတြးလျမှာ ဇာတ်ကားရိုက်ရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်လို့ ဆေးကုသမှုခံနေရပါတယ်။
ကနေဒါမှာလည်း ဝန်ကြီးချုပ်ကတော်ကိုယ်တိုင်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း မနေ့က သတင်းထုတ်ပြန်ပါတယ်။ ကနေဒါနိုင်ငံအတွင်း ပြည်နယ်ခြောက်ခုမှာ ကူးစက်ခံထားရသူ စုစုပေါင်း ၁၅၀ နီးပါးရှိပါတယ်။
ဂျာမနီနိုင်ငံမှာတော့ ဝန်ကြီးချုပ်အန်ဂျလာမာကယ်က ဂျာမန်လူဦးရေ ၇၀ ရာနှုန်းလောက်အထိ ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ ရှိနေတယ်လို့ သတိပေးထားပါတယ်။
ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၁၂၃ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိနေပါပြီ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ခံရသူစုစုပေါင်း ၁၃၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၅,၀၀၀ နီးပါးရှိနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စောသန္တာအေး
(ကိုးကား - AP, WHO, VOA, Reuters)
ဆက်စပ်ဖတ်ရှုရန် -
■ အမေရိကန်ဆေးရုံများ၌ ကိုရိုနာကူးစက်လူနာ ၉၆ သန်းအထိ ကုသပေးနိုင်အောင် ပြင်ဆင်
■ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲဖို့ အသင့်ဖြစ်ပြီ
■ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ