ယူကရိန်းတိုက်ပွဲနယ်မြေမှ ပျံသန်းလာသည့် ပေါက်ကွဲပစ္စည်းများ သယ်ဆောင်လာသောဒရုန်း ခရိုအေးရှားတွင် ကျရောက်ပေါက်ကွဲ

ယူကရိန်းနိုင်ငံတွင်း တိုက်ပွဲဖြစ်ပွားရာအရပ်မှ ပျံသန်းလာသည့် စစ်တပ်သုံး ဒရုန်းယာဉ်တစ်စီးသည် နေတိုးအဖွဲ့ဝင်နိုင်ငံ သုံးနိုင်ငံအထိ ဖြတ်သန်းပြီး ခရိုအေးရှားနိုင်ငံတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ခရိုအေးရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

15 Mar 2022

ဓာတ်ပုံ - The Guardian

DMG ၊ မတ်လ ၁၅ ရက်

ယူကရိန်းနိုင်ငံတွင်း တိုက်ပွဲဖြစ်ပွားရာအရပ်မှ ပျံသန်းလာသည့် စစ်တပ်သုံး ဒရုန်းယာဉ်တစ်စီးသည် နေတိုးအဖွဲ့ဝင်နိုင်ငံ သုံးနိုင်ငံအထိ ဖြတ်သန်းပြီး ခရိုအေးရှားနိုင်ငံတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ခရိုအေးရှားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၃ ရက်နေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံ၏မြို့တော် ဇာဂရက်မြို့ပေါ် ဧရိယာသို့ ကျရောက်ပေါက်ကွဲခဲ့သော အဆိုပါဒရုန်းသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများသယ်ဆောင်လာပြီး စာသင်ကျောင်းဆောင်တစ်ခုအနီးရှိ ကွင်းပြင်တစ်ခု၌ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ကြာသပတေးနေ့နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဒရုန်းပေါက်ကွဲမှုကြီးကြောင့် ရပ်နားထားသည့် ကားအစီး ၄၀ ခန့် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေ။

ဒရုန်းသည် ဆိုဗီယက်လုပ် အမျိုးအစားဖြစ်ကာ ယူကရိန်း သို့မဟုတ် ရုရှား နှစ်နိုင်ငံလုံး ဘက်မှ ဖြစ်နိုင်ကြောင်း ခရိုအေးရှားက ပြောကြားသည်။

“ပေါက်ကွဲရာက ကျန်ခဲ့တဲ့ အစိတ်အပိုင်းတွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ ထောက်လှမ်းရေးဒရုန်း မဟုတ်ဘူးလို့ ယူဆရပါတယ်။ လေကြောင်းဗုံး အပိုင်းအစတွေလည်း တွေ့ရပါတယ်” ဟု ခရိုအေးရှား ကာကွယ်ရေးဝန်ကြီး မာရီယိုဘာနိုဇစ်က ပြောသည်။

ဒရုန်းသည် နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်သော ရိုမေးနီးယားနှင့် ဟန်ဂေရီနိုင်ငံများကို ကျော်ဖြတ်ပြီးမှ ခရိုအေးရှားနိုင်ငံတွင်း၌ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ခရိုအေးရှားအာဏာပိုင်များက နေတိုးအဖွဲ့ကို ဝေဖန်လိုက်သလို အလွန်အရေးကြီးသည့် မတော်တဆမှုတွင် အရေးယူကိုင်တွယ်ပုံ နှေးကွေးသည်ဟုလည်း ပြောကြားသည်။ အဖွဲ့ဝင်နိုင်ငံများ အတိုက်ခံရလျှင် တုံ့ပြန်ရန် အသင့်ရှိနေသည်ဆိုသည့် နေတိုး၏ ပြောကြားချက်များကိုလည်း မေးခွန်းထုတ်ခဲ့သည်။

နေတိုးအဖွဲ့ကမူ မိမိတို့၏ လေကြောင်းရန်ကာကွယ်ရေး စနစ်က ဒရုန်း၏ ပျံသန်းမှုလမ်းကြောင်းကို ခြေရာခံခဲ့ကြောင်း ပြောကြားသည်။

ခရိုအေးရှားအာဏာပိုင်များကမူ နေတိုးသည် သက်ဆိုင်ရာအာဏာပိုင်များကို အကြောင်းကြားခဲ့ခြင်း မရှိသလို သတင်းထောက်များက မေးခွန်းများ မေးမြန်းလာချိန်ကျမှ နေတိုးက တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်းဟု ပြောကြားသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာတည်းက အခြေအနေကိုသိပြီး ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဒီနေ့ ဒီအခြေအနေထိ ဖြစ်လာစရာမှမရှိတာ” ဟုလည်း ဝန်ကြီး ဘာနိုဇစ်က ပြောကြားသည်။