- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အမေရိကန်တွင် ကိုဗစ်ဆေး ထိုးသူများကို တစ်ပတ်တစ်ကြိမ်စီ ဒေါ်လာ ၁ သန်း မဲဖောက်ပေးမည်
အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသူများအား တစ်ပတ်တစ်ကြိမ်စီ အမေရိကန်ဒေါ်လာ တစ်သန်းဆု မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း အိုဟိုင်းအိုးမြို့တော်ဝန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
13 May 2021
DMG ၊ မေ ၁၃
အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံသူများအား တစ်ပတ်တစ်ကြိမ်စီ အမေရိကန်ဒေါ်လာ တစ်သန်းဆု မဲဖောက်ပေးသွားမည် ဖြစ်ကြောင်း အိုဟိုင်းအိုးမြို့တော်ဝန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်ဒေါ်လာ ၁ သန်းဆုကို တစ်ပတ်လျှင် တစ်ကြိမ်စီ ငါးပတ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အိုဟိုင်းအိုးမြို့တော်ဝန် မိုက်ဒီဝိုင်က ဗုဒ္ဓဟူးနေ့တွင် တွစ်တာပေါ်၌ ရေးသားလိုက်ခြင်း ဖြစ်သည်။ ၁ သန်းဆုကံစမ်းမဲအား ကိုဗစ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံသူ အသက် ၁၈ နှစ်အထက် အိုဟိုင်းအိုးတွင်နေထိုင်သူ မည်သူ့ကိုမဆို မဲဖောက်ပေးမည်ဟု မြို့တော်ဝန်က ဆိုသည်။
“ဒီဝိုင်ရေ မင်းတော့ရူးနေပြီ၊ မင်းရဲ့ တစ်သန်းတန် စိတ်ကူးက ငွေဖြုန်းရုံသက်သက်ပဲ - လို့ ကျွန်တော့်ကို ပြောမယ့်သူတွေ ရှိတာ သိပါတယ်။” ဟု သူက ရေးသားသည်။
“ဒါပေမဲ့ ဘယ်သူမဆို ဆန္ဒရှိရင် ကာကွယ်ဆေးထိုးခွင့် ရနိုင်တဲ့ ဒီလိုမျိုး ကပ်ဘေးကာလမှာ အမှန်တကယ် ဖြုန်းတီးသလို ဖြစ်သွားမှာက ကိုဗစ်ကြောင့် ဆုံးပါးရမယ့် အသက်တစ်ချောင်းပဲ ဖြစ်ပါတယ်” ဟုလည်း သူက ဖြည့်စွက် ပြောကြားသည်။
ပထမဆုံး ဒေါ်လာ တစ်သန်းဆုရှင်အား မေလ ၂၆ ရက်နေ့တွင် ကြေညာမည် ဖြစ်သည်။ ထို့နောက်တွင် ကံထူးရှင်များအား ဗုဒ္ဓဟူးနေ့တိုင်း ငါးပတ်ဆက်တိုက် ပုံမှန် ကြေညာသွားမည် ဖြစ်ကာ ဆုကြေးငွေပမာဏမှာ သီတင်းပတ်တိုင်း အတူတူဖြစ်ကြောင်း ဒီဝိုင်က ပြောသည်။
အိုဟိုင်းအိုး ပြည်နယ်တွင် အသက် ၁၇ နှစ်အောက် ကိုဗစ်ဆေးထိုးနှံသူများကိုလည်း ကံစမ်းမဲ ဖောက်ပေးလျက်ရှိသည်။ ၎င်းတို့အတွက်မူ ဒေါ်လာ ၁ သန်းအစား အိုဟိုင်းအိုးပြည်နယ် တက္ကသိုလ်များတွင် ၄ နှစ်စာ ပညာသင်ဆု ချီးမြှင့်မည် ဖြစ်သည်။
ဆုချီးမြှင့်ငွေများအား လက်ရှိ ကိုဗစ်ကပ်ဘေး ကာကွယ်ရေး ဗဟိုရန်ပုံငွေထဲမှ ချီးမြှင့်ပေးခြင်း ဖြစ်သည်။
အမေရိကန်တွင် ကနဦး၌ ပြည်သူအများအပြား ကိုဗစ်ဆေး လာရောက်ထိုးနှံကြပြီး နိုင်ငံတွင်း အရွယ်ရောက်ပြီးသူ လူဦးရေ၏ ၅၈.၇ ရာခိုင်နှုန်းခန့်သည် အနည်းဆုံး တစ်ကြိမ် ထိုးနှံခံခဲ့ကြသည်။
သို့သော်လည်း နောက်ပိုင်းတွင် ကာကွယ်ဆေး ထိုးနှံသူဦးရေ နေ့စဉ်နှင့်အမျှ လျော့ကျလာနေပြီး ဆေးမထိုးနှံရသေးသူ အများအပြားသည် ကာကွယ်ဆေး ထိုးနှံမှု ခံယူမည့်ကိစ္စကို ဝေခွဲမရ ဖြစ်နေကြသည်။
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံအောင် မက်လုံးအမျိုးမျိုး ပေးလျက်ရှိပြီး ဘီယာတိုက်ခြင်း၊ ဒိုးနပ်မုန့် ကျွေးခြင်း၊ အားကစားပွဲ လက်မှတ်များပေးအပ်ခြင်း စသည့် နည်းလမ်းအမျိုးမျိုး အသုံးပြုကာ ဆွဲဆောင်လျက်ရှိသည်။