- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သတင်းသမားများ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် မြန်မာအခြေစိုက် သံအဖွဲ့များ စုပေါင်းတောင်းဆို
မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသူ မီဒီယာဝန်ထမ်းများ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် အင်တာနက် ပိတ်ဆို့ထားမှုများအား ရပ်ဆိုင်းပေးရန် မြန်မာအခြေစိုက် သံတမန် ၁၈ ဖွဲ့က မြန်မာစစ်တပ်အား မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းနေ့၌ စုပေါင်းတောင်းဆိုလိုက်သည်။
03 May 2021
DMG ၊ မေ ၃
မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသူ မီဒီယာဝန်ထမ်းများ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် အင်တာနက် ပိတ်ဆို့ထားမှုများအား ရပ်ဆိုင်းပေးရန် မြန်မာအခြေစိုက် သံတမန် ၁၈ ဖွဲ့က မြန်မာစစ်တပ်အား မေလ ၃ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းနေ့၌ စုပေါင်းတောင်းဆိုလိုက်သည်။
ပစ်မှတ်ထား ဖိနှိပ်ခံနေရသော်လည်း တိကျသေချာသော သတင်းများအား လူထုလက်လှမ်းမီအောင် တင်ဆက်ပေးနေသည့် စာနယ်ဇင်းသမားများနှင့် မီဒီယာဝန်ထမ်းများ၏ အားထုတ်မှုကို မိမိတို့ ချီးကျူးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အရပ်သားအစိုးရအား ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ ဖမ်းဆီးခံရသူ စာနယ်ဇင်းသမားပေါင်း ၈၀ ကျော်ရှိပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
မြန်မာစစ်တပ်သည် သတင်းသမားများအား ပစ်မှတ်ထား ဖိနှိပ်လျက်ရှိရာ အချို့နေရာများတွင် သတင်းသမားများ၏ မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးမှုများ ရှိသည်။
ဧပြီလ ၂၉ ရက်နေ့ညပိုင်းက ချင်းပြည်နယ်အခြေစိုက် The Chinland Post သတင်းဌာန၏ အယ်ဒီတာချုပ်ကို ဖမ်းဆီးရန် နေအိမ်သို့ လာရှာရာ မတွေ့ရသဖြင့် သူ၏ ယောက်ဖကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အေအေပီပီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၁ ရက် နေ့လယ်ကလည်း ဒဂုံတက္ကသိုလ် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ အလွတ်တန်းသတင်းထောက် မသူဇာ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာတွင် မသူဇာကို မတွေ့သဖြင့် နေအိမ်တွင်ရှိနေသည့် သူ၏ အမျိုးသားအား ဖမ်းဆီးသွားသည်။
မေလ ၂ ရက်နေ့တွင်လည်း မြန်မာစစ်တပ်က ခန့်အပ်ထားသူများဖြင့် ဖွဲ့စည်းထားသည့် ပြန်ကြားရေးဝန်ကြီးဌာနက ကချင်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်အား လုပ်ငန်းပိတ်သိမ်းကြောင်း အသိပေးခဲ့သည်။ မြစ်ကြီးနားသတင်းဂျာနယ် အနေဖြင့် မီဒီယာအမျိုးအစား တစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်ဝေ ဖြန့်ချိခြင်းမပြုရန် အသိပေးကြောင်း ပြန်ကြားရေးက အကြောင်းကြားစာတွင် ဖော်ပြထားသည်။
မီဒီယာလွတ်လပ်ခွင့်သည် ဒီမိုကရေစီ ကျင့်သုံးသော လူမှုအသိုက်အဝန်းများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေး သင့်ကြောင်း သံရုံးများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ စာနယ်ဇင်းလွတ်လပ်ခွင့်သည် မီဒီယာကျွမ်းကျင်ပညာရှင်များ၏ အခွင့်အရေးသာမဟုတ်ဘဲ လူထုတစ်ရပ်လုံး၏ အခွင့်အရေးဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် လူသားတို့၏ ဖွံဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် လွတ်လပ်သော မီဒီယာကဏ္ဍအား မိမိတို့ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကြေညာချက်အား ဩစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုဆိုင်ရာ သံတမန်အဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။