- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နိုင်ငံရေးဆိုင်ရာ ဖော်ပြချက်များကို ကိုင်တွယ်ရာတွင် အခက်ကြုံနေရသည့် ဖေ့စ်ဘုတ်
မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ် အသုံးပြုသူစုစုပေါင်း ၂၂ သန်းခန့်ရှိပြီး ကမ္ဘာတစ်ဝန် အသုံးပြုသူပေါင်း ၃ ဘီလျံနီးပါး ရှိသည့် ဖေ့စ်ဘုတ်ကုမ္ပဏီသည် နိုင်ငံရေးအကြောင်းအရာများ နှင့်ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ မှားမှန် ဝေခွဲမရသည့် ဒွိဟဖြစ်စဉ်များ ရင်ဆိုင်နေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 May 2021
DMG ၊ မေ ၇
မြန်မာနိုင်ငံတွင် ဖေ့စ်ဘုတ် အသုံးပြုသူစုစုပေါင်း ၂၂ သန်းခန့်ရှိပြီး ကမ္ဘာတစ်ဝန် အသုံးပြုသူပေါင်း ၃ ဘီလျံနီးပါး ရှိသည့် ဖေ့စ်ဘုတ်ကုမ္ပဏီသည် နိုင်ငံရေးအကြောင်းအရာများ နှင့်ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ မှားမှန် ဝေခွဲမရသည့် ဒွိဟဖြစ်စဉ်များ ရင်ဆိုင်နေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကုမ္ပဏီ၏ မူဝါဒများသည် အမေရိကန်တွင်သာ မကဘဲ အိန္ဒိယ၊ ဘရာဇီး၊ မြန်မာနှင့် ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံများတွင်ပါ အကြီးအကျယ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုနိုင်ငံများတွင် နိုင်ငံရေးသမားများသည် ဖေ့စ်ဘုတ်ကို အသုံးပြုကာ အမုန်းတရား နှိုးဆွခြင်း၊ သတင်းမှား ဖြန့်ဝေခြင်းမျိုး ရှိနေပြီး ထိုလုပ်ရပ်များကြောင့် အသက်အန္တရာယ်များကို ထိခိုက်စေသည်အထိ အကျိုးသက်ရောက်မှုများ ရှိနေကြောင်း ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။
အမေရိကန်တွင်လည်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား ဖေ့စ်ဘုတ်အသုံးပြုခွင့် ပိတ်ပင်ထားခြင်းကို ပြန်လည်စိစစ်သည့် ဖေ့စ်ဘုတ်၏ ကြီးကြပ်ရေးဘုတ်အဖွဲ့သည် နိုင်ငံရေးခေါင်းဆောင်များ၏ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် အမုန်းစကားများမှတစ်ဆင့် အကြမ်းဖက်မှုများ မပေါ်ပေါက်စေရေးအတွက် ဖေ့စ်ဘုတ်၏ တာဝန်ယူမှုတို့အား မည်ကဲ့သို့ ထိန်းကျောင်းမည်ကို ဆုံးဖြတ်ချက် မကျနိုင်သေးကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ဟောင်းတစ်ဦး အပါအဝင် ဥပဒေပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် အဖွဲ့ဝင် ၂၀ ပါ ဘုတ်အဖွဲ့သည် ဖေ့စ်ဘုတ်က ထရမ့်အား အသုံးပြုခွင့် ပိတ်ထားခြင်းကို လတ်တလောတွင် ဆက်လက် အတည်ပြုပေးခဲ့သည်။ သို့သော်လည်း ဖေ့စ်ဘုတ်ကုမ္ပဏီအနေဖြင့် အကဲဆတ်သည့် နိုင်ငံရေးဖြစ်စဉ်များအတွက် ယခုထက် အများကြီး ပိုမိုပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
“ဖေ့စ်ဘုတ်ဟာ နိုင်ငံရေး ဖော်ပြချက်တွေအတွက် မရှိမဖြစ် ကြားခံပလက်ဖောင်းတစ်ခု ဖြစ်လာနေပါပြီ” ဟု ဘုတ်အဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
“ဖေ့ဘုတ်အနေနဲ့ နိုင်ငံရေးဖော်ပြချက်တွေကို ခွင့်ပြုရမှာ ဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ရှောင်လွဲနိုင်အောင်လည်း တာဝန်ယူရပါမယ်” ဟု အဖွဲ့က ဆိုသည်။
သမ္မတထရမ့်သည် တာဝန်ထမ်းဆောင်နေဆဲတွင် ဖေ့စ်ဘုတ်အကောင့် ရပ်ဆိုင်းခံရသည့် ပထမဆုံး သမ္မတ ဖြစ်သည်။ ဖေ့စ်ဘုတ်သည် ပြီးခဲ့သည့် မတ်လကလည်း ဗင်နီဇွဲလား သမ္မတ နီကိုလက်စ်မာဒူရိုအား ဖေ့စ်ဘုတ်သုံးစွဲမှု ကန့်သတ်ချက်များ ရက် ၃၀ ကြာ ချမှတ်ခဲ့သည်။ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းမှားများ ဖြန့်ဝေခဲ့သောကြောင့် ဖြစ်သည်။ သမ္မတမာဒူရို၏ အစိုးရအဖွဲ့ကမူ ဤလုပ်ရပ်ကို ဒီဂျစ်တယ်အာဏာရှင်ဝါဒဟု သမုတ် ပြောဆိုခဲ့သည်။
ဖေ့စ်ဘုတ်သည် နိုင်ငံရေး သဘောထားကွဲလွဲမှုများကို နှုတ်ပိတ်ရန် အလွန်အမင်း အားသန်ပြီး ကြောင်း အရပ်ဘက် တက်ကြွလှုပ်ရှားသူများက ဝေဖန်ကြသည်။ အုပ်ချုပ်သူအစိုးရများက သူတို့၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လီဆယ်လုပ်ကြံ ဖော်ပြနေမှုများကို ကိုင်တွယ် ဖြေရှင်းပေးရန်လည်း ဖေ့စ်ဘုတ်ကုမ္ပဏီတွင် နည်းလမ်း မည်မည်ရရ မရှိကြောင်း သူတို့က ဆိုသည်။
ပြီးခဲ့သည့်နှစ်က ဆိုလျှင် အိန္ဒိယတွင် အမုန်းစကားများ၊ အာဏာရ ဘာရာတီယာဂျာနတာပါတီမှ နိုင်ငံရေးသမားများ၏ လုပ်ရပ်များကို ထိန်းသိမ်းကြပ်မတ်ရန် အလွန်အမင်း နှောင့်နှေးခဲ့ကြောင်း ဖေ့စ်ဘုတ်အသုံးပြုသူများထံတွင် ဝေဖန်ခံခဲ့ရသည်။
တစ်ချိန်တည်းတွင် အိန္ဒိယအစိုးရသည် ဒေသခံ လွှတ်တော်အမတ်များ၏ ရေးသားချက်အချို့ အပါအဝင် ၎င်းတို့၏ ကိုဗစ်အရေး ကိုင်တွယ်ရာတွင် ညံ့ဖျင်းမှုကို ဝေဖန်ထားသည့် ဖော်ပြချက်များကို ဖယ်ရှားပေးရန် ဖေ့စ်ဘုတ်ကုမ္ပဏီအား တောင်းဆိုခဲ့သည်။
နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် လေးစားလိုက်နာကြသည့် ကုလသမဂ္ဂ၏ ကြေညာစာတမ်းများတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အခြေခံအခွင့်အရေး တစ်ရပ်အဖြစ် ဖော်ပြထားသည်။ ထို့ကြောင့် ဖေ့စ်ဘုတ်ပေါ်တွင် တစ်ဘက်သတ် နှုတ်ပိတ်ခံရခြင်းမျိုး မဖြစ်သင့်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။