ငွေကိုင်စာရေးဘဝမှ ကမ္ဘာ့အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာသူ

ဝန်ကြီးချုပ်အသစ် ဆန်နာမာရင်၏အသက်မှာ ၃၄ နှစ်သာ ရှိသေးသဖြင့် အသက် ၃၉ နှစ်အရွယ် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်နှင့် အသက် ၃၅ နှစ်အရွယ် ယူကရိန်းဝန်ကြီးချုပ် အိုလက်ခ်ဆီဟွန်ချာရက်တို့ကို ကျော်ဖြတ်ကာ လက်ရှိကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ထားသူပင် ဖြစ်သည်။

By Foreign Desk 29 Dec 2019

ဘရက်ဆဲလ်တွင် ဥရောပခေါင်းဆောင်များစုဝေးကာ ရိုက်ကူးထားသော ဓာတ်ပုံကို ကြည့်မိသူတိုင်း ရှေ့ဆုံးတန်း အလယ်မှ အမျိုးသမီးငယ်တစ်ဦးကို သတိမပြုမိပဲ နေကြမည်မဟုတ်ပေ။ (ဓာတ်ပုံ - CNN)

ယခုလဆန်းပိုင်းက ဘရက်ဆဲလ်တွင် ဥရောပခေါင်းဆောင်များ စုဝေးကာရိုက်ကူးထားသော ဓါတ်ပုံတစ်ပုံကို ကြည့်ရှုမိသူတိုင်း ရှေ့ဆုံးတန်း အလယ်မှအမျိုးသမီးငယ်တစ်ဦးကို သတိမပြုမိပဲ နေကြမည်မဟုတ်ပေ။ ထိုအမျိုးသမီးမှာ ဖင်လန်နိုင်ငံ၏ ပူပူနွေးနွေးဝန်ကြီးချုပ်အသစ် ဆန်နာမာရင်ဖြစ်ပြီး သူမ၏အသက်မှာ ၃၄ နှစ်သာရှိသေး သဖြင့် အသက် ၃၉ နှစ်အရွယ် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်နှင့် အသက် ၃၅ နှစ်အရွယ် ယူကရိန်းဝန်ကြီးချုပ် အိုလက်ခ်ဆီဟွန်ချာရက်တို့ကို ကျော်ဖြတ်ကာ လက်ရှိကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ထားသူပင် ဖြစ်သည်။

မာရင်သည် ပို့ဆောင်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေရာမှ ဖင်လန်ဝန်ကြီးချုပ် အန်နစ်ရင်နီက ဒီဇင်ဘာလဆန်း၌ ရာထူးမှ နှုတ်ထွက်သွားသောအခါတွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူမသည် ယခုအခါ ပါတီ ၅ ခု ပါဝင်ဖွဲ့စည်းထားသော ဖင်လန်နိုင်ငံ၏ ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်သွားရတော့ မည်ဖြစ်ပြီး လတ်တလောနိုင်ငံတဝန်း ပေါ်ပေါက်နေသော ဆန္ဒပြပွဲများအပါအဝင် နိုင်ငံရေးအကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရတော့မည်ဖြစ်သည်။

မာရင် ဝန်ကြီးချုပ်ဖြစ်လာချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပင် ဖင်လန်ညွန့်ပေါင်းအစိုးရအဖွဲ့တွင်ပါဝင်သော ပါတီ ၅ ခုစလုံး၏ ခေါင်းဆောင်များမှာ အသက် ၃၅ နှစ်အောက် အမျိုးသမီးများသာဖြစ်နေခြင်းမှာလည်း ပုံမှန်အားဖြင့် အစိုးရ အဖွဲ့တွင် အသက်ကြီးသောအမျိုးသားများသာ ကြီးစိုးထားလေ့ရှိသော ဖင်လန်နိုင်ငံအတွက် ထူးခြားမှုတစ်ရပ် ဖြစ်လျက်ရှိသည်။

ဖင်လန်နိုင်ငံသည် လွန်ခဲ့သော ရာစုနှစ်တစ်ခုကျော်ခန့်က ကမ္ဘာပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုးသမီးများကို ပထမဆုံးရွေး ကောက်တင်မြောက်ခဲ့သည့်နိုင်ငံ ဖြစ်သော်လည်း မာရင်၏ရှေ့တွင် အမျိုးသမီးဝန်ကြီးချုပ် ၂ ဦးသာရှိခဲ့ဖူးကာ ၎င်းတို့ ၂ ဦးမှာလည်း တစ်နှစ်ထက်ပိုပြီး တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိပေ။

မာရင်သည် အသက်အငယ်ဆုံးဝန်ကြီးချုပ်အဖြစ် နှင့်သာမက သူမ၏ မိသားစုနောက်ခံကြောင့်လည်း ကမ္ဘာတဝန်းမှ မီဒီယာများ၏အာရုံစိုက်မှုကို ခံရလျက်ရှိသည်။

သူမ၏ မိဘများမှာ သူမငယ်စဉ်ကလေးဘဝမှာပင် ကွာရှင်းခဲ့ကြပြီး မိခင်ဖြစ်သူက နောက်ပိုင်းတွင် အမျိုးသမီးတစ်ဦးနှင့် လိင်တူလက်တွဲဖော်အဖြစ် အတူနေထိုင်ခဲ့ရာ သူမမှာ လိင်တူချစ်သူမိသားစုတစ်စုတွင် ကြီးပြင်း လာခဲ့ရသည်။
ထိုကဲ့သို့ လိင်တူချစ်သူစုံတွဲနှင့် ကြီးပြင်းခဲ့ရခြင်းကြောင့် ကလေးဘဝတွင် မိသားစုအကြောင်း အခြားသူများကို ပွင့်ပွင့်လင်းလင်းမပြောရဲဘဲ သိမ်ငယ်မှုများ ခံစားခဲ့ရသည်ဟု မာရင်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။ သို့ရာတွင် မိခင်ဖြစ်သူက ဆန္ဒရှိသမျှကို အောင်မြင်အောင်လုပ်ဆောင်နိုင်သည်ဟူသော ယုံကြည်မှုမျိုးရှိလာအောင် များစွာ အားပေးအားမြှောက် ပြုခဲ့ကြောင်းလည်း မာရင်က ထုတ်ဖော်ပြောကြားထားသည်။

မာရင်သည် အသက် ၁၅ နှစ်အရွယ်မှာပင် ကိတ်မုန့်ဆိုင်တစ်ဆိုင်၌ အရောင်းဝန်ထမ်းအဖြစ် ပထမဆုံးစတင်ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး အထက်တန်းအရောက်တွင် မဂ္ဂဇင်းဖြန့်ချိရေးလုပ်ကာ အပိုဝင်ငွေရှာဖွေခဲ့သည်။ ဘွဲ့ရပြီးနောက်တွင် ငွေကိုင်စာရေးအဖြစ်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့သေးသည်။
ထို့ကြောင့် သူမကိုဖင်လန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီးနောက်တွင် အက်စတိုးနီးယားပြည်ထဲရေးဝန်ကြီး လည်းဖြစ်၊ လက်ယာအစွန်းရောက် ERKE ပါတီ၏ခေါင်းဆောင်လည်းဖြစ်သူ မတ်ဟဲလ်မှနေပြီး "အရောင်းစာရေး မိန်းကလေးတစ်ယောက်က နိုင်ငံတစ်နိုင်ငံကို ကောင်းစွာအုပ်ချုပ်နိုင်ပါ့မလား" ဟု မေးခွန်းထုတ်ခြင်းကိုပင် ခံခဲ့ရသည်။

အက်စတိုးနီးယားက ၎င်းတို့ပြည်ထဲရေးဝန်ကြီး၏ အဆိုပါစကားအတွက် ဖင်လန်နိုင်ငံကိုနောက်ပိုင်းတွင် ပြန်လည် တောင်းပန်ခဲ့သော်လည်း မာရင်က ယင်းမှတ်ချက်စကားကို " ကျွန်မအနေနဲ့ ဖင်လန်နိုင်ငံအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီမှာ ဆင်းရဲတဲ့မိသားစုက ကလေးတစ်ယောက်တောင် ကိုယ်တိုင်ပညာရှာပြီး သူတို့ဘဝရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်လို့ပါ " ဟု တုံ့ပြန်ပြောကြားပြီး နိုင်ငံရေး အကျိုးအမြတ်တစ်ခုအဖြစ် ပါးပါးနပ်နပ် အသုံးချနိုင်ခဲ့သည်။

မာရင်သည် သူမ၏ မိသားစုထဲတွင် ပထမဆုံး တက္ကသိုလ်တက်ခွင့်ရသူဖြစ်သည်။ (ဓာတ်ပုံ - Reuters)

မာရင်သည် သူမ၏ မိသားစုထဲတွင် ပထမဆုံးတက္ကသိုလ်တက်ခွင့်ရသူဖြစ်သည်။ အသက် ၂၀ အရွယ်မှာပင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး အချိန်တိုအတွင်းမှာပင် အလယ်အလတ်လက်ဝဲဝါဒီ ပါတီတစ်ခုဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်ပါတီတွင် အရေးပါသူတစ်ဦးဖြစ်လာခဲ့သည်။ အသက် ၂၇ နှစ်တွင် မြို့တော်ကောင်စီခေါင်းဆောင် တစ်ဦးအဖြစ် ရွေးကောက်ခံခဲ့ရပြီး ထိုမှ ၃ နှစ်အကြာ၊ အသက် ၃၀ တွင် လွှတ်တော်အမတ်တစ်ဦးဖြစ်လာခဲ့သည်။

သူမ၏ ဘဝနောက်ခံအခြေအနေနှင့် ဒုက္ခသည်များကို အကူအညီများပိုမိုပေးရန်နှင့် အခွန်များတိုးကောက်ကာ ပြည်သူများ၏သက်သာချောင်ချိရေး လုပ်ငန်းများတွင် ပိုမိုသုံးစွဲရန်အားသန်သည့် မူဝါဒများကြောင့် အမျိုးသားရေး အကျိုးစီးပွားအားသန်သော အခြားနိုင်ငံ့ခေါင်းဆောင်များကို တန်ပြန်နိုင်မည့် ဖြေဆေးတစ်ရပ်အဖြစ်နှင့်ပင် အချို့နိုင်ငံရေးလေ့လာသူများက မာရင်ကို ရှုမြင်လျက်ရှိသည်။ ထို့ပြင်မာရင်သည် ကိုယ်ပိုင်ရပ်တည်ချက်ခိုင်မာသူတစ်ဦး အဖြစ်နှင့်လည်း နာမည်ရသူတစ်ဦးဖြစ်ပြီး ခက်ခဲသည့် မေးခွန်းများကို ဆင်ဝှေ့ရန်ရှောင်မဖြေဘဲ တည့်တိုးဖြေတတ်ကာ နိုင်ငံရေးစကားရည်လုပွဲများတွင် နှုတ်မှုစွမ်းရည်ထက်သူ အဖြစ်လည်း ဖင်လန်နိုင်ငံသားများကြား ကျော်ကြားလျက်ရှိသည်။

လက်ရှိအချိန်တွင် မာရင်၏အကြီးမားဆုံးစိန်ခေါ်မှုမှာ သူမ၏ ဆိုရှယ်ဒီမိုကရက်တစ်ပါတီအတွင်း နက်ရှိုင်းစွာဖြစ်ပေါ်နေ သော အကွဲအပြဲကို ပြန်လည်ရင်ကြားစေ့နိုင်ရေးပင် ဖြစ်သည်။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အတွင်းတွင် လက်ဝဲယိမ်းသော မြို့ပြလူငယ်များနှင့် မြို့ပြပြင်ပတွင်နေထိုင်သော ရှေးရိုးဆန်သည့် အလုပ်သမားလူတန်းစားများဟူ၍ အုပ်စု ၂ စုကွဲလျက်ရှိ ခြင်းဖြစ်သည်။

မာရင်သည် မြို့သူတစ်ဦးဖြစ်သဖြင့် ပါတီအတွင်းမှ ရှေးရိုးဆန်သော အလုပ်သမားလူတန်းစားများ အတွက် သူစိမ်းဆန်သူတစ်ဦး ဖြစ်လျက်ရှိသည်။ ထို့ပြင် လက်ယာယိမ်းပါတီတစ်ခုဖြစ်သော ဖင်လန်နိုင်ငံသားများပါတီက အလုပ်သမားလူတန်းစားများကို ပစ်မှတ်ထားကာ မဲဆွယ်လာလျက်ရှိရာ မာရင်၏ပါတီအတွက် ကြီးမားသောခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လျက်ရှိသည်။

မည်သို့ပင်ဖြစ်စေ မာရင်အနေဖြင့် အခက်အခဲများကို မဖြစ်မနေ ကျော်လွှားရတော့မည်ဖြစ်ပြီး ကမ္ဘာကြီးကလည်း အသက်အငယ်ဆုံးဝန်ကြီးချုပ်အဖြစ် စံချိန်တင်ထားသော သူမအပေါ် အာရုံစိုက် စောင့်ကြည့်လျက်ရှိနေပြီ ဖြစ်သည်။

မောင်ဖြိုး
(ကိုးကား - CNN ၊ BBC)