တရုတ်နိုင်ငံပြင်ပတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုအဖြစ် ဖိလစ်ပိုင်တွင် လူနာတစ်ဦးသေဆုံး

"ဒါဟာ 2019-nCoV ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်" ဟု ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရုံးမှ ထုတ်ပြန်သောကြေညာချက်ထဲတွင် ဖော်ပြထားသည်။

By Foreign Desk 02 Feb 2020

ဖိလစ်ပိုင်တွင် မျက်နှာဖုံးများကိုအဆမတန် ဈေးတင်ရောင်းသဖြင့် ရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းခြင်းခံရသော ဆေးဆိုင်ရှေ့တွင် မျက်နှာဖုံးဝယ်ယူခွင့်ရရန် မျှော်လင့်နေသော လူအုပ်ကြီးကိုတွေ့ရစဉ်။ (ဓာတ်ပုံ - Getty Images)

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသော အသက် ၄၄ နှစ်အရွယ်လူနာတစ်ဦး ဖိလစ်ပိုင်နိုင်ငံတွင် သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဆိုင်ရာအရာရှိများက ဖေဖော်ဝါရီလ ၂ ရက် တနင်္ဂနွေနေ့တွင် အတည်ပြုကြေညာလိုက်ကြောင်း New York Times သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါလူနာသည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာသူဖြစ်ပြီး စနေနေ့က သေဆုံးသွားခြင်းဖြစ်ကာ တရုတ်နိုင်ငံပြင်ပတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးသောလူနာ ဖြစ်လာခဲ့သည်။

"ဒါဟာ 2019-nCoV ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်" ဟု ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရုံးမှ ထုတ်ပြန်သောကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ယခုသေဆုံးသွားသော တရုတ်အမျိုးသားသည် ဖိလစ်ပိုင်နိုင်ငံသို့ ဇန်နဝါရီလ ၂၁ ရက်နေ့က အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသမီးကိုမူ စောင့်ကြည့်စစ်ဆေးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးအရာရှိများ၏ ပြောကြားချက်အရသိရသည်။

"သူကွယ်လွန်ခါနီးနေ့ရက်တွေမှာ လူနာဟ ာ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပြီး သက်သာလာတဲ့လက္ခဏာတွေလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကွယ်လွန်ခါနီး ၂၄ နာရီအတွင်းမှာတင် အခြေအနေဆိုးလာပြီး သေဆုံးသွားတာ ဖြစ်ပါတယ် " ဟု ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ထိုကဲ့သို့ ဝူဟန်မှလာသော တရုတ်အမျိုးသားသေဆုံးမှုကို မကြေညာမီ နာရီပိုင်းအလိုကပင် ဖိလစ်ပိုင်အာဏာပိုင်များက တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့်မကာအိုတို့မှလာသော ဖိလစ်ပိုင်နိုင်ငံသားမဟုတ်သည့် ခရီးသည်များအားလုံးကို တိုင်းပြည်အတွင်းဝင်ခွင့် ယာယီပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိလူနာ ၂၃ ဦးကိုဆေးရုံများတွင် သီးခြားခွဲခြားကာ စောင့်ကြည့်လေ့လာလျက်ရှိကြောင်းလည်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ၁၄၃၈၀ ယောက် ရှိပြီး တရုတ်နိုင်ငံအတွင်း ယင်းဗိုင်းရပ်စ်ဖြင့်သေဆုံးသူဦးရေမှာ ၃၀၄ ယောက်ရှိပြီဖြစ်သည်။ တရုတ်နိုင်ငံအတွင်းတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လျက်ရှိသော်လည်း ပြီးခဲ့သော ၂၄ နာရီအတွင်းမှာပင် ကူးစက်ခံရသူ ၂၀၀၀ ခန့် ထပ်မံတိုးလာခဲ့သည်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ခေါ် ဝူဟန်ဗိုင်းရပ်စ်သည် လူအချင်းချင်း တိုက်ရိုက်ကူးစက်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကအရေးပေါ်အခြေအနေ ကြေညာထားပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှလာရောက်သော ခရီးသွားများကို ဗီဇာပိတ်ပင်သည့် ကမ္ဘာ့နိုင်ငံအရေအတွက်မှာ တစ်နေ့တစ်ခြားတိုးလာလျက်ရှိသည်။