ပြင်သစ်တွင် ကိုဗစ်ဆေးထိုးပြီးကြောင်း ထောက်ခံစာအတု ကိုင်ဆောင်မှုပေါင်း ၄၀၀ ခန့် စစ်ဆေးနေ

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်နှင့်ဆက်နွယ်သည့် ရောဂါများဖြင့် ဆေးရုံတက်ရောက် ကုသမှုများ သိသိသာသာ မြင့်တက်လာနေသည့် ပြင်သစ်နိုင်ငံတွင် ကိုဗစ်ဆေးထိုးပြီးကြောင်း ထောက်ခံစာအတု ၄၀၀ ခန့် ပြုလုပ်ပေးခဲ့သည့် ကွန်ရက်တစ်ခုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည်။

14 Dec 2021

ဓာတ်ပုံ - Reuters

DMG ၊ ဒီဇင်ဘာ ၁၄

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်နှင့်ဆက်နွယ်သည့် ရောဂါများဖြင့် ဆေးရုံတက်ရောက် ကုသမှုများ သိသိသာသာ မြင့်တက်လာနေသည့် ပြင်သစ်နိုင်ငံတွင် ကိုဗစ်ဆေးထိုးပြီးကြောင်း ထောက်ခံစာအတု ၄၀၀ ခန့်

ပြုလုပ်ပေးခဲ့သည့် ကွန်ရက်တစ်ခုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည်။

မကြာသေးမီရက်ပိုင်းက ထောက်ခံစာအတု ကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးသည် ပါရီရှိ ဆေးရုံတစ်ခုတွင် သေဆုံးခဲ့ပြီး အဆိုပါဖြစ်စဉ်အား ပြင်သစ်မီဒီယာများက အထူးအာရုံစိုက်ခဲ့ကြသည်။

သူမအား ကာကွယ်ဆေးမထိုးရသေးကြောင်းသာ ကြိုသိခဲ့မည်ဆိုပါက မိမိတို့အနေဖြင့် ကိုယ်ခံအားမြှင့်တင်ရေး ကုသမှုကို ချက်ချင်း ဆောင်ရွက်ပေးခဲ့မည်ဖြစ်ကြောင်း ဆေးရုံ၏ အထူးလူနာဆောင် ကုသရေးဌာနအကြီးအကဲက ပြောကြားသည်။

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံစာအတု ကိုင်ဆောင်ထားမှုပေါင်း ထောင်ပေါင်းများစွာ စစ်ဆေးတွေ့ရှိထားကြောင်း ပြည်ထဲရေးဝန်ကြီး ဂျီရတ်ဒါမေနင်က တနင်္ဂနွေနေ့၌ RTL ရေဒီယိုအစီအစဉ်သို့ ဖြေကြားခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဝန်ထမ်းအချို့နှင့် ဆက်နွယ်နေသည့် ထောက်ခံစာအတု အမှုပေါင်း ၄၀၀ ခန့်ကိုလည်း စစ်ဆေးလျက်ရှိကြောင်း ဝန်ကြီးက ပြောသည်။
ပြင်သစ်အစိုးရသည် နိုင်ငံတစ်ဝန်း သွားလာခွင့်များကို တင်းကြပ်စွာ ကိုင်တွယ်လျက်ရှိကာ စားသောက်ဆိုင်များ၊ အခမ်းအနားများနှင့် ထင်ရှားသောနေရာများသို့ သွားလာသူမည်သူမဆို ကာကွယ်ဆေးထိုးပြီးကြောင်းနှင့် ၂၄ နာရီအတွင်း ကိုဗစ်စစ်ဆေးထားပြီး ပိုးကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ရောက်ခွင့်ပြုသည်။

အစိုးရသည် နိုက်ကလပ်များကို ပိတ်ထားပြီး လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရေး စည်းကမ်းများလည်း ထုတ်ပြန်ထားသည်။
ပြင်သစ်ဆေးရုံများရှိ အရေးပေါ် လူနာကုသရေးဌာနများ၏ နေရာထက်ဝက်ခန့်သည် ကိုဗစ်လူနာများဖြစ်သည်။

ပြင်သစ်နိုင်ငံတွင် နေ့စဉ် ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀၀ ကျော်ရှိနေကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။