ဂီနီနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး အခြေခံဥပဒေကို ဖျက်သိမ်း

ဂီနီနိုင်ငံတွင် စစ်တပ် အထူးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၅ ရက်၊ တနင်္ဂနွေနေ့က သမ္မတကို ထိန်းသိမ်းကာ အာဏာသိမ်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

06 Sep 2021

ဓာတ်ပုံ - AFP

ဂီနီနိုင်ငံတွင် စစ်တပ် အထူးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၅ ရက်၊ တနင်္ဂနွေနေ့က သမ္မတကို ထိန်းသိမ်းကာ အာဏာသိမ်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“သမ္မတ ခေါ်ယူခံရပြီးခဲ့နောက်မှာ အခြေခံဥပဒေကို ဖျက်သိမ်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါပြီ” ဟု ယူနီဖောင်းဝတ်ဆင်ထားသည့် အရာရှိတစ်ဦးက တိုက်ခိုက်ရေးရိုင်ဖယ် သေနတ်များ ကိုင်ဆောင်ထားသည့် စစ်သားများခြံရံလျက် အနေအထားဖြင့် ဗီဒီယိုဖိုင်တစ်ခုတွင် ပြောကြားထားကြောင်း အေပီသတင်းက ဖော်ပြသည်။

ဂီနီနိုင်ငံ၏ ဝေဟင်နှင့် မြေပြင် နယ်စပ်လမ်းကြောင်းများကိုပါ ပိတ်ထားလိုက်ပြီဖြစ်ကာ အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပြီဟု အဆိုပါအရာရှိက ပြောကြားသည်။

အာဏာသိမ်းသူများ အေအက်ဖ်ပီသို့ အစောပိုင်းက ပေးပို့သည့် ဗီဒီယိုဖိုင်တွင် ဂီနီသမ္မတ အာလဖာကွန်ဒီသည် ဆိုဖာတစ်ခုတွင် ထိုင်နေပြီး တပ်ဖွဲ့ဝင်များ ဝိုင်းရံထားသည်ကို တွေ့ရသည်။

သမ္မတအနေဖြင့် မလျော်မကန် ဆက်ဆံခံရမှုများ ရှိသလားဟု တပ်ဖွဲ့ဝင်တစ်ဦးက မေးမြန်းမှုအား သမ္မတက ပြန်မဖြေဘဲ နေသည်ကိုလည်း တွေ့ရသည်။

တနင်္ဂနွေနေ့ နောက်ပိုင်းတွင် အာဏာသိမ်းစစ်အုပ်စုက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး တနင်္လာနေ့ နံနက် ၁၁ နာရီ၌ ကွန်ဒီ၏ အစိုးရအဖွဲ့ရုံး ဝန်ကြီးများ စုဝေးပြီး အစည်းအဝေးပြုလုပ်မည်ဟု ကြေညာသည်။

“အစည်းအဝေး တက်ရောက်ရန် ငြင်းဆန်သူမှန်သမျှကို အမိန့်ဖီဆန်သည်ဟု သတ်မှတ်မည်” ဖြစ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အထူးတပ်ဖွဲ့ရှိ တပ်မှူးတစ်ဦးအား ရာထူးမှဖယ်ရှားလိုက်ပြီးနောက်တွင် တပ်ဖွဲ့ဝင်များ ပုန်ကန်မှုဖြစ်ပွားပြီး နိုင်ငံတွင် မငြိမ်သက်မှုများ စတင်ခဲ့သည်ဟု ယူဆရကြောင်း ဂီနီမြို့တော် ကော်နာကရီရှိ အနောက်တိုင်းသံတမန်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။ ၎င်း၏ ပြောကြားချက်အပေါ် အေအက်ဖ်ပီသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

အနောက်အာဖရိကနိုင်ငံ ဂီနီသည် လူဦးရေ ၁၃ သန်းခန့်ရှိပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်သည်။