- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများမှာ ကြံမိကြံရာလုပ်ဆောင်သလိုဖြစ်နေသည်ဟု အီရန်သမ္မတ ရိုဟာနီ ပြော
"ဒါဟာ အမေရိကရဲ့ ကြံရာမရဖြစ်နေမှုကို ဖော်ပြနေသလို ကြီးမြတ်တဲ့အီရန်နိုင်ငံရဲ့ အောင်အောင်မြင်မြင် ကြံ့ကြံ့ခံနိုင်စွမ်းကြောင့် သူတို့ရဲ့အမြင့်ဆုံးဖိအားပေးမှုတွေ အလုပ်မဖြစ်ကြောင်း ဖော်ပြရာလည်း ရောက်နေပါတယ်။"
23 Sep 2019
စက်တင်ဘာ ၂၃၊ ဒူဘိုင်း
အီရန်ဗဟိုဘဏ်ကို ဒုတိယအကြိမ် အမည်ပျက်စာရင်းသွင်းခြင်း အပါအဝင် အမေရိကန်တို့၏ စီးပွားရေးပိတ်ဆို့မှုများမှာ စီးပွားရေးပိတ်ဆို့မှုအပေါ် အီရန်၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ရင်ဆိုင်ရသောကြောင့် ကြံမိကြံရာလုပ်ဆောင်မှုဖြစ်ကြောင်း ဖော်ပြနေသည်ဟု အီရန်သမ္မတ ရိုဟာနီက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သောသောကြာနေ့က အမည်ပျက်စာရင်း တစ်ကြိမ်အသွင်းခံရပြီးသား အီရန်ဗဟိုဘဏ်ကို နောက်တစ်ကြိမ် အမည်ပျက်စာရင်းသွင်းခြင်း အပါအဝင် စီးပွားရေးပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်ခြင်း ဖြစ်သည်။
စက်တင်ဘာလ ၁၄ ရက်နေ့က ဆော်ဒီရေနံချက်စက်ရုံများ တိုက်ခိုက်ခံရခြင်းအတွက် ဆော်ဒီနှင့် အမေရိကန်အာဏာပိုင် များက အီရန်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ စီးပွားရေးပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်ခြင်း ဖြစ်သည်။
ယီမင်ပြည်တွင်းစစ်တွင် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များကို တိုက်ခိုက်နေသော အီရန်၏ မိတ်ဖက်အဖွဲ့ဖြစ်သည့် ဟူသီသူပုန်များ၏ လက်ချက်ဟု စွပ်စွဲမှုများရှိနေသော ထိုတိုက်ခိုက်မှုများတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိဟု အီရန်ဘက်က ငြင်းဆန်ထားသည်။
"အမေရိကန်တွေဟာ အမည်ပျက်စာရင်းသွင်းပြီးသားဌာနတွေကို ထပ်မံအရေးယူနေပါတယ်။ ဒါဟာ အမေရိကရဲ့ ကြံရာမရဖြစ်နေမှုကို ဖော်ပြနေသလို ကြီးမြတ်တဲ့အီရန်နိုင်ငံရဲ့ အောင်အောင်မြင်မြင် ကြံ့ကြံ့ခံနိုင်စွမ်းကြောင့် သူတို့ရဲ့အမြင့်ဆုံးဖိအားပေးမှုတွေ အလုပ်မဖြစ်ကြောင်း ဖော်ပြရာလည်း ရောက်နေပါတယ်။" ဟု ရိုဟာနီက နိုင်ငံပိုင် ရုပ်သံလိုင်းမှတဆင့်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုကမူ အမေရိကန်အနေဖြင့် အီရန်နှင့်စစ်မဖြစ်အောင် ရှောင်ရှားလိုပြီး ပင်လယ်ကွေ့ဒေသသို့ တပ်များစေလွှတ်ခြင်းမှာ အဟန့်အတားဖြစ်စေရန်နှင့် ကာကွယ်ရေးအတွက်သာဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
သမ္မတ ရိုဟာနီကမူ ဒေသတွင်း အခြေအနေမှာတင်းမာလျက်ရှိကြောင်းနှင့် ယင်းအတွက်အမေရိကတွင် တာဝန်ရှိကြောင်း ပြောကြားထားသည်။ ထို့ပြင် ၎င်းအနေဖြင့် HOPE (Hormuz Peace Endeavour) ဟုအမည်ရသော ဒေသတွင်းငြိမ်းချမ်းရေးအစီအမံတစ်ရပ်ကို ယခုရက်သတ္တပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ တင်ပြသွားမည်ဟုလည်း ရိုဟာနီက ပြောကြားထားသည်။
ကိုးကား - Reuters