ဟွန်ဆန်၏ မြန်မာခရီးစဉ် အပြုသဘောဆောင်သော ခြေလှမ်းဟု ကမ္ဘောဒီးယား ပြော

ဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာခရီးစဉ်သည် ကောင်းမွန်သောရလဒ် ဖြစ်သလို အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

10 Jan 2022

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ရ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံမှုအပြီး လက်ဆောင်ပစ္စည်း ပေးအပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - National Television of Cambodia)

DMG ၊ ဇန်နဝါရီ ၁၀

ဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာခရီးစဉ်သည် ကောင်းမွန်သောရလဒ် ဖြစ်သလို အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားက ဥက္ကဌအဖြစ် တာဝန်ယူနေသည့် အာဆီယံအဖွဲ့ကြီးက သဘောတူညီထားသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အကောင်အထည် ဖော်ရေးတွင် ဝန်ကြီးချုပ်ဟွန်ဆန်နှင့် မြန်မာခေါင်းဆောင်အကြား “တိုးတက်သည့်ခြေလှမ်းတစ်ရပ် နှင့်အတူ အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် ရလဒ်” ရှိခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဟွန်ဆန်သည် ပြီးခဲ့သောသောကြာနေ့က မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်မှု၊ လက်နက်ကိုင် တော်လှန်မှုများ ဖြစ်ပေါ်နေပြီး ဟွန်ဆန်၏ တွေ့ဆုံမှုသည် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရားဝင် အသိအမှတ်ပြုရာ ရောက်သည်ဟူသည့် ဝေဖန်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်သည်။

“ဒီလိုတွေ့ဆုံ ညှိနှိုင်းမှု၊ သဘောတူညီမှုလိုမျိုး တိုးတက်ဖြစ်ထွန်းမှုကို ဆန့်ကျင်သူတွေဟာ စစ်ပွဲလိုလားသူတွေ၊ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူတွေပဲ ဖြစ်ပါတယ်” ဟု ပရက်ဆော့ခွန်က ပြောသည်။

သောကြာနေ့က ဟွန်ဆန်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအပြီးတွင် မြန်မာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးကို ယခုနှစ်ကုန်ပိုင်းအထိ ရပ်စဲထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သလို သက်ဆိုင်ရာ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးတို့ကိုပါ နှစ်ဘက်ခေါင်းဆောင်များ အင်တိုက်အားတိုက် ဆောင်ရွက်သွားမည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟွန်ဆန်သည် ယခင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနဲလ် အရေးနှင့် ပတ်သက်၍လည်း ပြောကြားမှုရှိခဲ့ကြောင်း ပရက်ဆော့ခွန်က ပြောသည်။

ဝန်ကြီးချုပ်ဟွန်ဆန်သည် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရစ္စပိန်း၏ အကူအညီတောင်းမှုအရ ရှောင်တာနဲလ်အတွက် ပြောဆိုပေးခဲ့ခြင်းဟု ပရက်ဆော့ခွန်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဆီယံခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံအရေးအတွက် အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး မြန်မာ့ပဋိပက္ခကို ဖြေရှင်းရေးအတွက် အကောင်အထည်ဖော်ရန် ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သည်။ အဆိုပါအချက်များအနက် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် သက်ဆိုင်ရာအင်အားစုများ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေးတို့လည်း ပါဝင်သည်။