တရုတ်သည် နျူကလီးယားအင်အားကို ကြိုတင်မျှော်မှန်းထားသည်ထက် မြန်ဆန်စွာ တိုးချဲ့နေကြောင်း အမေရိကန်စစ်ဌာနချုပ်ဆို

တရုတ်သည် နျူကလီးယားလက်နက်များကို ကြိုတင်ခန့်မှန်းထားသည် ပိုမိုမြန်ဆန်စွာ တိုးချဲ့ထုတ်လုပ်နေပြီး အမေရိကန်နှင့်ကွာဟမှု ကျဉ်းမြောင်းလာပြီဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဖော်ပြထားသည်။

08 Nov 2021

ဓာတ်ပုံ - AFP

DMG ၊ နိုဝင်ဘာ ၈

တရုတ်သည် နျူကလီးယားလက်နက်များကို ကြိုတင်ခန့်မှန်းထားသည် ပိုမိုမြန်ဆန်စွာ တိုးချဲ့ထုတ်လုပ်နေပြီး အမေရိကန်နှင့်ကွာဟမှု ကျဉ်းမြောင်းလာပြီဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုတွင် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က ဖော်ပြထားသည်။

တရုတ်သည် ၂၀၂၇ ခုနှစ်တွင် အဝေးသို့ပစ်လွှတ်နိုင်သည့် နျူကလီးယားထိပ်ဖူး ရ၀၀ အထိပိုင်ဆိုင်နိုင်ပြီး ၂၀၃၀ ပြည့် နှစ်တွင် ၁,၀၀၀ အထိ ရောက်ရှိသွားနိုင်သည်ဟု ဖော်ပြထားပြီး ထိုပမာဏသည် ပြီးခဲ့သည့်နှစ်က ပင်တဂွန်ခန့်မှန်းခဲ့သည့် အရေအတွက်ထက် နှစ်ဆခွဲပိုများနေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် “နျူကလီးယားလက်နက်ကို မြေပြင်၊ လေကြောင်းနှင့် ရေငုပ်သင်္ဘောများမှ ပစ်လွှတ်နိုင်သည့်နေရာများအတွက် ရင်းနှီးမြှုပ်နှံပြီးတိုးချဲ့လာနေသည်။ ထို့အတူပင် နျူကလီးယားအင်အား တိုးချဲ့ခြင်းကို ပံ့ပိုးပေးရန်လိုအပ်သည့် အခြေခံအဆောက်အဦများ ကိုလည်း တည်ဆောက်နေသည်” ဟု အစီရင်ခံစာက ဆိုသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အမေရိကန်အထက်လွှတ်တော်သို့ ပေးပို့သည့် နှစ်စဉ်အစီရင်ခံစာတွင် တရုတ်စစ်ဘက်ဆိုင်ရာ တိုးတက်မှုများနှင့် စပ်လျဉ်း၍ အကဲဖြတ်ဆန်းစစ်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ထိပ်တန်းနျူကလီးယားစွမ်းအင်သုံး နိုင်ငံနှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့်ရုရှားတို့ ကဲ့သို့ပင် တရုတ်သည် တိုက်ချင်းပစ်ဒုံးကျည်များ၊ လေထဲနှင့် ရေငုပ်သင်္ဘောများမှ ပစ်လွှတ်နိုင်သည့် တာဝေးဒုံးကျည်များနေရာတွင် “မြေပြင်၊ ရေကြောင်းနှင့် ဝေဟင်သုံးမျိုးလုံးတွင် ပစ်လွှတ်နိုင်သည့် နျူကလီးယား” လက်နက်စနစ်တစ်ခုဖြင့် တပ်ဆင်တည်ဆောက်နေခြင်း ဖြစ်ကြောင်းဆိုသည်။

တရုတ်သည် နျူကလီးယားလက်နက်ရှိသည့် ပြိုင်ဘက် (အဓိကအားဖြင့် အမေရိကန်) ကို တိုက်ခိုက်မှုစတင်ရန် စွမ်းဆောင်ရည်တိုးမြှင့်ခြင်း မဟုတ်သော်လည်း နျူကလီးယားအန္တရာယ်တစ်ခု ကြုံခဲ့ရလျှင် ပြန်လည်လက်တုန့်ပြန်မည်ဖြစ်ကြောင်း ယုံကြည်အောင်ပြသခြင်းဖြင့် အခြားနိုင်ငံများ၏ တိုက်ခိုက်မှုကို တားဆီးလိုခြင်းဖြစ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။