- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်ကိုဗစ်ကာကွယ်ဆေး ထိုးထားသူ ကျန်းမာရေးဝန်ထမ်း သုံးရာကျော် ထပ်မံကူးစက်ခံရ
အင်ဒိုနီးရှားနိုင်ငံတွင် တရုတ်လုပ် ဆီနိုဗက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်း ၃၅၀ ထက်မနည်း ရှိနေကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Jun 2021
DMG ၊ ဇွန် ၂၀
အင်ဒိုနီးရှားနိုင်ငံတွင် တရုတ်လုပ် ဆီနိုဗက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်း ၃၅၀ ထက်မနည်း ရှိနေကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကူးစက်ခံထားရသူ အများစုသည် ရောဂါလက္ခဏာ မပြကြပေ။ ၎င်းတို့ကို နေအိမ်များတွင် သီးသန့်ခွဲထားကြောင်း ဂျာဗားအလယ်ပိုင်း ကူဒူးဒေသရှိ ကျန်းမာရေးဌာနအကြီးအကဲ ဘာဒိုင်အစ်မိုယိုက ပြောသည်။ သို့သော်လည်း အဖျားတက်ပြီး အောက်ဆီဂျင်ပမာဏ လျော့နည်းလာမှုကြောင့် ဆေးရုံတက် ကုသခံနေရာသူလည်း ဒါဇင်နှင့်ချီ ရှိနေကြောင်း သူက ပြောသည်။
ယခုအဖြစ်အပျက်ကြောင့် ကိုရိုနာမျိုးစိတ်အသစ်များအပေါ် ကာကွယ်ဆေးများ၏ အာနိသင်နှင့် ပတ်သက်၍ စိုးရိမ်မှုများလည်း တိုးပွားလျက်ရှိသည်။
အင်ဒိုနီးရှားတွင် ကျန်းမာရေးဝန်ထမ်းများသည် ပထမဆုံး ဦးစားပေး ကာကွယ်ဆေး ထိုးနှံပေးခဲ့သည့် အုပ်စုဖြစ်ပြီး ပြီးခဲ့သော ဇန်နဝါရီလတွင် စတင်ထိုးနှံခဲ့သည်။
ကျန်းမာရေးဝန်ထမ်း အားလုံးနီးပါးသည် တရုတ် ဆေးဝါးကုမ္ပဏီ ဆီနိုဗက်က ထုတ်လုပ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံထားကြသူများ ဖြစ်ကြောင်း အင်ဒိုနီးရှား ဆေးပညာအသင်း (Indonesian Medical Association) က ပြောသည်။
တရုတ်ကုမ္ပဏီ ကိုရိုနာဗက်က ထုတ်လုပ်သည့် ကာကွယ်ဆေး၏ ကိုရိုနာမျိုးစိတ်သစ်များအပေါ် အာနိသင်ထိရောက်မှုနှင့် ပတ်သက်၍ ဆီနိုဗက်ကုမ္ပဏီနှင့် အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရသူများအား ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ချင်း ဆက်သွယ်၍ မရခဲ့ပေ။
ပြီးခဲ့သောလ၌ ဂျာကာတာတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံပြီးသော်လည်း ထပ်မံကူးစက်ခံရသူ ဆရာဝန်ပေါင်း သူသိသလောက် ဒါဇင်နှင့်ချီ ရှိခဲ့ပြီး လက်ရှိလည်း ICU တွင် တစ်ဦး ကုသမှုခံယူနေကြောင်း ဓာတ်ရောင်ခြည်ဖြင့် ရောဂါကုသမှု ပညာရှင်တစ်ဦး ဖြစ်သူ ဒေါက်တာ ပရီဂျို ဆီဒီပရာတိုမိုက ရိုက်တာ သတင်းဌာနသို့ ဖြေကြားသည်။
“ကာကွယ်ဆေးတစ်ခုတည်းအပေါ် မှီခိုနေလို့ မရတော့ဘူး ဆိုတာကို သတိထားရတော့မှာပါ” ဟု သူက ပြောသည်။
ဆီနိုဗက်ကာကွယ်ဆေးအား အရေးပေါ်အနေအနေတွင် အသုံးပြုနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုလအတွင်း အတည်ပြုခဲ့သည်။ လေ့လာချက်များအရ ဆီနိုဗက်သည် ကိုဗစ်-၁၉ ကို ကာကွယ်ပေးသလို ရောဂါလက္ခဏာ ပြသည့်အခြေအနေ၌လည်း ၅၁ ရာခိုင်နှုန်း ကာကွယ်ပေးကြောင်း WHO က ထုတ်ပြန်သည်။
အာရှရှိ ကိုဗစ်ဒဏ် အဆိုးဆုံးခံရသည့် နိုင်ငံများတွင် အင်ဒိုနီးရှားလည်း ပါဝင်ပြီး ကူးစက်မှုစုစုပေါင်း ၁.၉ သန်းကျော် မှတ်တမ်းတင်ထားကာ သေဆုံးသူ ၅၃၀၀၀ ခန့်ရှိနေပြီဖြစ်သည်။ သေဆုံးသူများအနက် ဆရာဝန်နှင့် သူနာပြုစုစုပေါင်း ၉၄၆ ဦးပါဝင်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။