အာကာသအပျက်အစီးများ ပေါ်ထွက်လာမှုကြောင့် နိုင်ငံတကာအာကာသစခန်းမှ ဝန်ထမ်းများ နေရာမှစွန့်ခွာရန် ပြင်ဆင်ထားရ

နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများအား ဖြစ်နိုင်ခြေရှိသော စွန့်ခွာရေးအစီအစဉ် တစ်ရပ်အတွက် ပြင်ဆင်ထားရန် သတိပေးခဲ့ပြီးနောက် “အာကာသတွင် အပျက်အစီးများ ပေါ်ထွက်လာစေသည့် ဖြစ်စဉ်” ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

20 Nov 2021

နိုင်ငံတကာအာကာသစခန်းအား ၂၀၁၁ ခုနှစ် မတ်လ ၇ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - AFP)

DMG ၊ နိုဝင်ဘာ ၂၀

နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများအား ဖြစ်နိုင်ခြေရှိသော စွန့်ခွာရေးအစီအစဉ် တစ်ရပ်အတွက် ပြင်ဆင်ထားရန် သတိပေးခဲ့ပြီးနောက် “အာကာသတွင် အပျက်အစီးများ ပေါ်ထွက်လာစေသည့် ဖြစ်စဉ်” ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမေရိကန်ပြည်ထောင်စုက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

ရုရှားတို့ ဂြိုဟ်တုဖျက်လက်နက် (ASAT) စမ်းသပ်ပစ်ခတ်မှုတစ်ရပ် ဆောင်ရွက်ခဲ့သည်ဆိုသော အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ အပျက်အစီးကိစ္စ သတိပေးချက် ထွက်လာခြင်း ဖြစ်သည်။ အာကာသ အသိုင်းအဝိုင်းကလည်း ယခုလုပ်ရပ်ကြောင့် ကမ္ဘာမြေ အနိမ့်ပတ်လမ်းကြောင်းရှိ အာကာသဝန်ထမ်းများအတွက် အန္တရာယ် ရှိစေနိုင်မှုအပေါ် ဝေဖန်လျက်ရှိသည်။

“အမေရိကန် အာကာသရေးရာ ညွှန်ကြားရေးဌာနသည် ပြင်ပအာကာသတွင် အပျက်အစီးများ ထွက်ပေါ်နေသည့် ဖြစ်ရပ်ကို သိထားပါသည်။ အပျက်အစီးများ၏ လမ်းကြောင်းကို မိမိတို့ ပုံဖော်ရန် ကြိုးစားနေကြသလို အာကာသတွင်း ဆောင်ရွက်မှုများ ရှိနေကြသည့် နိုင်ငံများအနေဖြင့် ထိခိုက်မှုရှိပါက ဂြိုဟ်တုများကို လမ်းညွှန်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များ ပေးနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်” ဟု စစ်ဘက်ဆိုင်ရာ ဌာနခွဲက ပြောကြားသည်။

ယခုသတင်းများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဌာန၊ နာဆာ တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်နေကာ မကြာမီအချိန်အတွင်း သတင်းအချက်အလက်များ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်းလည်း စစ်ဘက်ဌာနက ပြောသည်။

နာဆာ၏ ရုရှားမိတ်ဖက် ရော့စ်ကော့စမိုကမူ ယခုဖြစ်ရပ်အပေါ် အရေးမကြီးသကဲ့သို့ လျှော့ပေါ့ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

“အာကာသစခန်းဝန်ထမ်းတွေကို ပုံမှန်လုပ်ထုံးလုပ်နည်းနဲ့ အာကာသယာဉ်ပေါ် ပြောင်းရွှေ့ဖို့ ဖြစ်စေခဲ့တဲ့ အရာဝတ္ထုရဲ့ ပတ်လမ်းကြောင်းဟာ နိုင်ငံတကာအာကာသစခန်း (ISS) ရဲ့ ပတ်လမ်းကြောင်းကနေ အဝေးကို ရောက်သွားပါပြီ။ ISS ဟာ အခု အစိမ်းရောင်နယ်မြေမှာ ရှိနေပါတယ်” ဟု ရော့စ်ကော့စမိုက တွစ်တာတွင် ရေးသားထားသည်။

ASAT များသည် နည်းပညာမြင့်လက်နက်များ ဖြစ်ပြီး နိုင်ငံအနည်းငယ်ကသာ ပိုင်ဆိုင်သည်။ အဆိုပါလက်နက်ကို အမေရိကန်၊ ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ကသာ ကိုယ်ပိုင်ဂြိုဟ်တုကို ပစ်ခတ်ဖျက်ဆီးပြီး လက်တွေ့ စမ်းသပ်ထားသည်။

၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံက စမ်းသပ်စဉ် အာကာသအတွင်း ရာနှင့်ချီသော အပျက်အစီးအစအနများ ဖြစ်ကျန်ခဲ့သဖြင့် အမေရိကန်အပါအဝင် နိုင်ငံကြီးများက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

အာသာသအပျက်အစီးများသည် လပိုင်းအတွင်း ကမ္ဘာ့လေထုထဲသို့ ရောက်လာနိုင်သော်လည်း အားလုံး ပျက်စီးသွားရန်အတွက် ဆိုလျှင် ၁၀ နှစ်ခန့်အထိ ကြာမြင့်နိုင်ကြောင်း ဟားဗက် နက္ခတ္တဗေဒပညာရှင် ဂျွန်နသန်မက်ဒိုဝဲလ်က အေအက်ဖ်ပီ သတင်းဌာနသို့ ဖြေကြားသည်။

လက်ရှိ ကမ္ဘာ့အနိမ့်ပတ်လမ်းကြောင်းတွင် ဂြိုဟ်တုပေါင်း ၄၅၀၀ ကျော်ရှိပြီး SpaceX ကဲ့သို့ အာကာသကုမ္ပဏီများကလည်း ဂြိုဟ်တုပေါင်း သောင်းနှင့်ချီ လွှတ်တင်ရန်ရှိနေကြောင်း သိပ္ပံပညာရှင်များသမဂ္ဂ (Union of Concerned Scientists) ထံမှ သိရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။