ဂျာမနီတွင် လက်ယာအစွန်းရောက်ဂိုဏ်းသားဟု ယူဆရသူတစ်ဦး၏ ပစ်ခတ်မှုကြောင့် ၉ ဦးသေဆုံး

ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ မြို့တစ်မြို့တွင် ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၉) က လက်ယာအစွန်းရောက်တစ်ဦးဟု ယူဆရသည့် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ၉ ဦးအထိသေဆုံးခဲ့ရကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 21 Feb 2020

သေနတ်သမားဟု ဒေသတွင်းမီဒီယာများက ဖော်ပြလျက်ရှိသည့် တိုဘီယက်စ်အာ (ဓာတ်ပုံ - Getty Images)

ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ မြို့တစ်မြို့တွင် ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၉) က လက်ယာအစွန်းရောက်တစ်ဦးဟု ယူဆရသည့် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ၉ ဦးအထိသေဆုံးခဲ့ရကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သေနတ်သမားသည် လူမျိုးရေးအစွန်းရောက်ဝါဒီတစ်ဦးဟု ယူဆစရာလက္ခဏာများစွာရှိသည်ဟု ဂျာမနီအဓိပတိ အိန်ဂျယ်လာမာကယ်လ်က ပြောကြားသည်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီခန့်က ဟားနော့မြို့ရှိ ဘား ၂ ခု၌ ဖြစ်ပွားခဲ့သော အဆိုပါပစ်ခတ်မှုတွင် သေဆုံးသူ ၉ ဦးအနက်မှ ၅ ဦးမှာ တူရကီနိုင်ငံသားများဖြစ်ကြောင်း တူရကီအာဏာပိုင်များက ထုတ်ပြန်ထားပြီး အစိုးရရှေ့နေများက ယင်းပစ်ခတ်မှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

သေနတ်သမားသည် အသက် ၄၃ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ပစ်ခတ်မှုကျူးလွန်ပြီးနောက် ၎င်းဘာသာ ပစ်သတ်သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့ဝင်များသည် ဘား ၂ ခု၌ ပစ်ခတ်ပြီး ထွက်ပြေးသွားသော သေနတ်သမားဟု ယူဆရသူကို မျက်မြင်သက်သေများနှင့် လုံခြုံရေးကင်မရာများမှ ပုံရိပ်များအရ ခြေရာခံလိုက်လံရှာဖွေခဲ့ရာ ဒုတိယမြောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဘားအနီးရှိ ၎င်း၏နေအိမ်အတွင်းတွင် သူ၏ အသက် ၇၂ နှစ်အရွယ် မိခင်ကြီးအနီး၌ သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဒေသတွင်းသတင်းမီဒီယာများကမူ သေနတ်သမားသည် ဂျာမနီနိုင်ငံသားတစ်ဦးဖြစ်ပြီး တိုဘီယက်စ်အာ ဟုအမည်ရသူဟု ယူဆရကြောင်း ဖော်ပြလျက်ရှိသည်။

ပစ်ခတ်မှုမဖြစ်ခင် တစ်ရက်အလိုက ဆိုရှယ်မီဒီယာတွင် သေနတ်သမားဟု ယူဆရသူ တင်ထားခဲ့သောဗွီဒီယိုဖိုင်တစ်ခုကို အာဏာပိုင်များက စစ်ဆေးလျက်ရှိပြီး ယင်းဗွီဒီယိုဖိုင်ထဲတွင် ထိုသူက လက်ယာစွန်းရောက်ဝါဒများကို ဖော်ပြထားသည်။ ထိုသူသည် ဝန်ခံချက်စာတစ်စောင်ရေးသားထားခဲ့သည်ဟုလည်း ဂျာမနီမီဒီယာများက ဖော်ပြလျက်ရှိသည်။

ဂျာမနီနိုင်ငံတွင် လက်ယာအစွန်းရောက်အကြမ်းဖက်မှုများ ခေါင်းထောင်လာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"လူမျိုးရေးအစွန်းရောက်တာဟာ အဆိပ်အတောက်တစ်မျိုးပဲ။ အမုန်းတရားဆိုတဲ့အဆိပ်ဟာ ကျမတို့ လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေပြီး ဒီအဆိပ်ကြောင့် ရာဇဝတ်မှုများစွာဖြစ်ပွားခဲ့ပြီးပြီလည်း ဖြစ်ပါတယ်" ဟု အိန်ဂျလာမာကယ်လ်က ပြောကြားသည်။

တူရကီသမ္မတကမူ ဂျာမနီအာဏာပိုင်များအနေနှင့် ၎င်းတို့နိုင်ငံသားများအသက်ဆုံးရှုံးခဲ့ရသော ပစ်ခတ်မှုနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များအားလုံးကို ဖော်ထုတ်ရှင်းပြနိုင်ရန် လိုအပ်သောအားထုတ်မှုများအားလုံး လုပ်ဆောင်သွားလိမ့်မည် ဟုမျှော်လင့်ကြောင်း ပြောကြားထားသည်။