ကမ္ဘာတစ်ဝန်း ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်အရေအတွက် ယခုနှစ်တွင် စံချိန်တင်မြင့်တက်

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရင်း ဖမ်းဆီးခံခဲ့ရသည့် သတင်းသမားအရေအတွက်သည် ၃၆၃ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 14 Dec 2022

ကမ္ဘာတစ်ဝန်း ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်အရေအတွက် ယခုနှစ်တွင် စံချိန်တင်မြင့်တက်

မြန်မာနိုင်ငံတွင် အကျဉ်းကျခဲ့ပြီး လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသည့် ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင် သတင်းသမား တိုရုကူဘိုတာအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

DMG | ဒီဇင်ဘာ ၁၄

၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရင်း ဖမ်းဆီးခံခဲ့ရသည့် သတင်းသမားအရေအတွက်သည် ၃၆၃ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များအရ ယခုနှစ်တွင် ထိန်းသိမ်းခံရသူ အရေအတွက်သည် ယမန်နှစ်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ကို တွေ့ရသည်။

အီရန်၊ တရုတ်၊ မြန်မာ၊ တူရကီနှင့် ဘယ်လာရုနိုင်ငံတို့သည် ယခုနှစ်၏ သတင်းသမားများကို ထောင်ချမှုအများဆုံး ထိပ်ဆုံးငါးနိုင်ငံဖြစ်ကြောင်း CPJ ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉၊ ရုရှား၏ ယူကရိန်းကျူးကျော်စစ်တို့နှင့်အတူ မတည်မငြိမ်ဖြစ်နေသည့် ကမ္ဘာကြီးကို ထိန်းချုပ်နိုင်အောင် ကမ္ဘာ့နိုင်ငံများသည် အာဏာရှင်ဆန်ဆန် ဖိနှိပ်မှုများ ပိုမိုကျင့်သုံးလာကြသည်ဟု အစီရင်ခံစာက ဆိုသည်။

အီရန်နိုင်ငံသည် သတင်းသမားများ ဖမ်းဆီးခံရမှု အများဆုံးနိုင်ငံဖြစ်ကာ စုစုပေါင်း ၆၂ ဦးအထိရှိသည်။ ၎င်းတို့အထဲမှ ၄၉ ဦးမှာ မာဆာအာမီနီ ဆန္ဒပြပွဲများ နောက်ပိုင်းမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာသည် သတင်းသမား ဖမ်းဆီးခံရမှု တတိယအများဆုံးနိုင်ငံ နေရာတွင် ရှိနေသည်။ ပြီးခဲ့သည့်နှစ်က ဖမ်းဆီးခံခဲ့ရသူ ၂၆ ဦးရှိခဲ့ရာမှ ယခုနှစ်တွင် ၄၂ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဖမ်းဆီးခံထားရသည့် သတင်းသမား ထက်ဝက်ခန့်သည် သွေးထိုးလှုံ့ဆော်မှု၊ သတင်းမှားဖြန့်ဝေမှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်ကြောင်း CJP အစီရင်ခံစာက ဖော်ပြသည်။

ဗီဒီယိုများ